မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၃၀ ကျော်ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီထဲက ၅၉ ဒသမ ၄ ရာခိုင်နှုန်းက ပြည်တွင်း ကူးစက်ဖြစ်ပွားသူတွေလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း၆,၃၂၂ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၃၂ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၅၁ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူမရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၇ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၄,၅၇၃ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၃,၁၈၅ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးတွေ့ရှိသူပေါင်း ၆၅ ယောက် အထိရှိလာတဲ့အပြင် နောက်ထပ် အယောက် ၂၀ ကိုလည်း အတည်ပြုနိုင်ဖို့ စစ်ဆေးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းအနုထင်း ချိုင်းဝီရ ကွန်းက ဒီဇင်ဘာ ၂၀ ရက်နေ့ Insite Thailand ရုပ်သံသတင်းဌာနနဲ့ အမေးအဖြေမှာ ထည့်သွင်း ပြော ကြားသွားတာပါ။
အိုမီခရွန်ပိုးတွေ့သူအများစုဟာ နိုင်ငံခြားက ဝင်ရောက်လာသူတွေဖြစ်ပြီး ပြည်တွင်းကူးစက်မှု အနေနဲ့ လေယာဉ်မှူး ၁ ဦးရဲ့ ဇနီးတယောက်သာရှိကြောင်း ၊ သူဟာလည်း နိုင်ငံခြားက ပြန်လာတဲ့ ခင်ပွန်းဖြစ်သူ လေယာဉ်မှူးထံကနေ ကူးစက်တာလို့ ဆိုပါတယ်။
သူတို့အားလုံး ဆေးကုသမှုခံယူနေပြီး ပြင်ပကူးစက်မှုမရှိသေးဘဲ လစ်ဟာသွားရင်တော့ ဈေးတွေထဲအထိပျံ့နှံ့သွားနိုင်လို့ အနီးကပ်စောင့်ကြည့်နေကြောင်း၊ နိုင်ငံခြားက ဝင်လာသူတွေဟာ သူတို့လာရောက်တဲ့နိုင်ငံကနေ RT-PCR စစ်ဆေးပြီးခဲ့ကြပေမယ့် ပိုးတွေ့ရှိနေဆဲဖြစ်လို့ ထိုင်းလေဆိပ်မှာ Test & Go စနစ်ကို ရုပ်သိမ်းပြီး RT-PCR စနစ်နဲ့ ပြန်စစ်ဆေးကာ ကာကွယ်မှုတွေ အရှိန်အဟုန်မြင့်ရမယ်လို့ ပြောပါတယ်။
စီနိုဗက်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေအနေနဲ့ တတိယအကြိမ် ကာကွယ်ဆေး ထပ်ထိုးကြဖို့လည်း တိုက်တွန်းထားပါတယ်။
၂၀၂၂ နှစ်သစ်ကူးပွဲတော်ကျင်းပရေးမှာတော့ သက်ဆိုင်ရာ ခရိုင်ဝန်အသီးသီးပေါ်မှာ မူ တည်ကြောင်း၊ ခရိုင်ဝန်ဟာ မိမိခရိုင်ရဲ့ ကိုဗစ်-၁၉ အခြေအနေထိန်းချုပ်ကာကွယ်ရေး ကော်မ တီဥက္ကဋ္ဌတွေဖြစ်လို့ မိမိခရိုင်ထဲမှာ ပွဲလုပ်သင့်မလုပ်သင့်ကို ခရိုင်ပြည်သူ့ကျန်းမာရေးဌာနနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်လိမ့်မယ်လို့ ထိုင်းကျန်းမာရေးဒုဝန်ကြီးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းကုသရေးနဲ့ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆူဖကစ် ဆီရီရတ်စ်ကလည်း ထိုင်းမှာ အိုမီခရွန်ပိုးကူးစက်သူ ၆၅ ဦးတွေ့ရှိကြောင်း ဒီကနေ့မနက် ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ အတည်ပြုပြောကြားပါတယ်။
ဒါဟာ နိုင်ငံခြားမှာ လျှင်မြန်စွာကူးစက်မှုရှိတာတွေနဲ့ ဆက်စပ်နေကြောင်း၊ ပိုးတွေ့သူတွေဟာ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ အိုမီခရွန်ကူးစက်မှုရှိနေတဲ့ နိုင်ငံပေါင်း ၈၉ နိုင်ငံရှိသွားပြီး ဒီထက်ပိုများလာမယ့် အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းမှာ အခုတပတ်တွင်း အိုမီခရွန်ပိုးကူးစက်သူတွေ့ရှိနှုန်း တရှိန်ထိုးများလာပြီး ဆော်ဒီ အာရေဗျနိုင်ငံ မက္ကာမြို့မှာ ဘုရားဖူးသွားပြီးပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေမှာ အစုလိုက်တွေ့ရှိမှု အများဆုံးဖြစ်ပါတယ်။
ကိုးကား- Thairath ကိုးကား - https://www.thairath.co.th/news/politic/2269150