ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်စျေးကွက်မှာ ဆန်ကြမ်းနဲ့ ဆန်ချောစျေးတွေ ရက်ပိုင်းအတွင်း တအိတ်ကို ၁,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်ကြား စျေးထပ်မံမြင့်တက်လာပါတယ်။
နယ်စုံပေါ်ဆန်း ဆန်စျေးနှုန်းက လက်ရှိမှာ တအိတ်ကို အနိမ့်ဆုံးစျေး ကျပ် ၆၅,၀၀၀ ကနေ အမြင့်ဆုံးစျေး ၇၆,၀၀၀ ကျပ်အထိရှိနေပြီး မတ်လ ၁၇ ရက်နေ့ စျေးကွက်ပေါက်စျေးနဲ့ယှဉ်ရင် တအိတ်ကို ၁,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်အထိ ရက်ပိုင်းအတွင်း စျေးမြင့်တက်လာပါတယ်။
ရွှေဘိုပေါ်ဆန်းက လက်ရှိမှာ တအိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ၈၈,၀၀၀ ကျပ်ကြားရှိပြီး ပြီးခဲ့တဲ့ မတ် ၁၇ ရက်က တအိတ်ကို အနိမ့်ဆုံးစျေး ကျပ် ၇၃,၀၀၀ ကနေ အမြင့်ဆုံးစျေး ၈၇,၀၀၀ ကျပ်ကြားသာ ရှိခဲ့ပါတယ်။
အလားတူ ကြားပျံနဲ့ သီးထပ်ဆန် အမျိုးအစားတွေကလည်း တအိတ်ကို ကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ကျပ်ကြား ရက်ပိုင်းအတွင်း စျေးထပ်မံမြင့်တက်လာပါတယ်။
ပြည်တွင်းဆန်စျေးနှုန်းတွေက ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စျေးအနည်းငယ် ကျရိပ်ပြခဲ့ပြီးနောက် မတ် ဒုတိယပတ်ကစပြီး တောက်လျှောက် ပြန်လည်မြင့်တက်နေတာပါ။
ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်စျေးကွက်မှာ သီတင်းနှစ်ပတ်အတွင်း ဆန်တအိတ်ကို ၁,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာပြီး လက်လီစျေးကွက်မှာ ဆန်တအိတ်ကို ၁,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာတာပါ။
“ဆန်ကြမ်းရော၊ အချောရော ထပ်တက်လာတယ်။ ဧရာပဒေသာဆိုရင် တအိတ်ကို အရင် ၆၆,၀၀၀၊ အခု ၇၀,၀၀၀ ကျော်ဖြစ်သွားပြီ။ အဝယ်ကတော့ ပုံမှန်ပါပဲ၊ မများပါဘူး” လို့ ဆန်လက်လီလက်ကား ရောင်းချသူတဦးက ပြောပါတယ်။
မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းတွေနဲ့ သယ်ယူစရိတ်တွေ မြင့်တက်လာသလို လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တချို့ဒေသတွေမှာ စိုက်ပျိုးရေး အပြည့်အဝ မဆောင်ရွက်နိုင်တာ၊ လျှပ်စစ်မီးမမှန်တာ၊ စပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်တာတွေရှိနေတာ စတဲ့အချက်တွေကြောင့် အခုနှစ် မြန်မာပြည်တွင်း ဆန်စပါးစျေးနှုန်းတွေက အရင်နှစ်တွေထက် စံချိန်တင် ထူးကဲမြင့်တက်နေတာပါ။
နွေစပါးအသစ်တွေ စျေးကွက်ထဲ အလုံးအရင်း ဝင်ရောက်လာမှ စျေးအနည်းငယ် ပြန်အေးနိုင်မယ်လို့ ခန့်မှန်းထားကြပေမဲ့ လတ်တလော စပါးစျေးနှုန်းတွေကတော့ အတက်ဘက်ကို ဆက်လက်ဦးတည်နေပါတယ်။
“စပါးစျေးထပ်တက်လာတယ်။ အဝယ်လည်းရှိပါတယ်။ သင်္ကြန်ပြီးရင် ထပ်တက်မယ် ထင်တယ်” လို့ ပဲခူးတိုင်းမှ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
ဆန်စပါးစျေးကောင်းမှ လယ်သမားတွေ ထုတ်လုပ်စရိတ်ကာမိပြီး အကျိုးအမြတ်ရှိနိုင်မှာ ဖြစ်သလို တဖက်မှာလည်း ဆန်စျေး အဆမတန်ကြီးမြင့်နေတာကြောင့် ဝင်ငွေနည်း အခြေခံလူတန်းစားတွေ အခက်တွေ့နေရပါတယ်။
အခုနှစ်မှာ စပါးစျေးကောင်းရနေလို့ တောင်သူတွေ သွင်းအားစု အပြည့်အဝ သုံးစွဲလာနိုင်တာကြောင့် လာမယ့် နွေစပါးမှာ အထွက်နှုန်း ပုံမှန်နီးပါး ပြန်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြသလို လက်ရှိ နိုင်ငံရေးအခြေအနေအရ အထွက်နှုန်း ဆက်လက်ကျဆင်းနိုင်ခြေ ရှိတယ်လို့လည်း အဲဒီအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းတွေ သီတင်းနှစ်ပတ်အတွင်း တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၄၀၀၀ ကျပ်အထိ စျေးထပ်မံ မြင့်တက်လာပါတယ်။
ဆန်အမျိုးအစားအပေါ်မူတည်ပြီး ပြည်တွင်းစားသုံးမူများတဲ့ ဆန်ချောစျေးနှုန်းတွေက တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၄၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး၊ ဆန်ကြမ်းစျေးနှုန်းကလည်း တစ်အိတ်ကို ၁၀၀၀ ကနေ ၁၅၀၀ ကြား စျေးတက်လာတာပါ။
ကိုဗစ်တတိယလှိုင်းရဲ အကျိုးဆက်ကြောင့် နယ်ဒေသတွေမှာ ဆန်စက်လုပ်ငန်းတွေ ပုံမှန်လည်ပတ် နိုင်ဖို့ခဲယဉ်းနေပြီး စျေးကွက်အတွင်းကို ဆန်အဝင်နည်းလာတာကြောင့် အခုလိုစျေးမြင့်တက်လာတာလို့ ကုန်သည်တွေက ပြောပါတယ်။
လက်တလောဆန်စျေးနှုန်းက ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းကဖြစ်ခဲ့တဲ့ စျေးနှုန်တွေနဲ့ နှိုင်းယှဉ်ရင် ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၄၀၀၀ ဝန်းကျင်စျေးမြင့်တက်ခဲ့ပြီး ဒေးဒရဲပေါ်ဆန်းနဲ့ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကျပ်ဝန်းကျင်၊ ကော့မှူး၊ တွံ့တေးဒေသထွက် ပေါ်ဆန်းဆန်တွေက တစ်အိတ်ကို ကျပ် ၁၀၀၀ ၀န်းကျင်နဲ့ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၂၀၀၀ ၀န်းကျင် စျေးအသီးသီးမြင့်တက်လာပါတယ်။ ရက် ၉၀ နဲ့သီးထပ် ဆန်ကလည်း တစ်အိတ်ကို ကျပ် ၁၀၀၀ ဝန်းကျင်စျေးတက်ပါတယ်။
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်က ပုံမှန်ထုတ်ပြန်တဲ့ ဆန်လက်ကားစျေးနှုန်း စာရင်းတွေအရ လက်ရှိမှာ ဖျာပုံပေါ်ဆန်းက တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၅၀၀၀ ကြားစျေးရှိပြီး၊ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၃၉၅၀၀ ကနေ ၄၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၄၈၅၀၀ ကနေ ၅၁၅၀၀ စျေးဖြစ်ပေါ်နေပါတယ်။
ကော့မှူး၊ တွံ့တေးဒေသထွက် ပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၁၀၀၀စျေးရှိပြီး ဘိုကလေးဒေသထွက် ရက်၉၀ အမျိုးအစား ဆန်က တစ်အိတ်ကို ကျပ် ၂၆၀၀၀ ကနေ ၂၆၅၀၀ ကြား စျေးရှိပါတယ်။
အခုလို ဆန်စျေးနှုန်းတွေ မြင့်တက်နေပေမဲ့ ဆန်ပြည်ပတင်ပို့မူတွေ လျော့နည်းနေတာကြောင့် ပြည်တွင်းမှာ ဆန်လက်ကျန်ဖူလှုံမူရှိနေတယ်လို့ ဆန်စပါးလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပြီး လာမဲ့လတွေမှာ စျေးကွက်ထဲကို ဆန်အသစ်တွေဝင်ရောက်လာမှာဖြစ်လို့ ဆန်အသစ်စျေးကျနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမူရဲ့ ရလဒ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးမူတွေ များလာပြီး အိမ်ထောင်စုတွေမှာ မိသားစုဝင်ငွေနဲ့လစာဆုံးရူံးတာတွေဖြစ်နေချိန် အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်း အပါအဝင် ကုန်စျေးနှုန်းတွေ အားလုံး တောက်လျှောက် မြင့်တက်နေတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၆ လ အတွင်း ယခင် ဆင်းရဲမွဲတေမှုဒဏ်နဲ့ အခု စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၃.၄ သန်းကျော်တဲ့ မြန်မာပြည်သူတွေဟာ အငတ်ဘေးနဲ့ ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းတာ နဲ့ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မူကြောင့် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဆင်းရဲမှုနှုန်းက ၂ ဆမြင့်တက်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။