မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းခရီးစဥ်ကို လာမယ့် ဒီဇင်ဘာ ၅ ရက်ကစပြီး တပတ်ကို နှစ်ကြိမ်နှုန်း ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
အခု ရန်ကုန်-မော်လမြိုင်လမ်း ပဲခူးမြို့အဝင် ညောင်ခါးရှည်ဂိတ်မှာ ခရီးသွား မိဘပြည်သူတွေ နေ့စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အရေးကြီး ကျန်းမာရေးကိစ္စတွေမှာ လူနာသေဆုံးမှုတွေ ရှိခဲ့တာကြောင့် ကားလမ်းခရီးသွားလာမှုမှာ အဆင်မပြေတဲ့အတွက် အခုလို ရန်ကုန်-မော်လမြိုင် ပြည်တွင်းလေကြောင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲရတာ ဖြစ်ပါတယ်။
“ရန်ကုန်-မော်လမြိုင်ကားလမ်းက ညောင်ခါးရှည်ဂိတ်မှာ စစ်ကောင်စီက X- Ray စက်နဲ့ စစ်ဆေးတာမှာ ခရီးသွားကြန့်ကြာပြီး ကုန်စည်စီးဆင်းမှု များစွာထိခိုက်ကြပါတယ်။ ခရီးလည်းမတွင်ကျယ်ဘူး။ ခရီးသွားတွေလည်း အချိန်ကုန် လူပင်ပန်း အရေးပေါ်ကားတွေလည်း သွားမရလာမရ ဖြစ်တော့ ဒီအတိုင်းဆို ရေရှည်မှာ မဖြစ်ဘူး” လို့ ခရီးသွားတွေက ပြောပါတယ်။
စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်မှာ X-Ray စက်တပ်ဆင်ပြီး ယာဉ်လိုင်းအားလုံးကို အချိန်ကြာမြင့်စွာ တန်းစီ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
X-Ray စက်မှာ နေ့စဉ် ကားအစီးရေ ရာနဲ့ချီ ပိတ်ဆို့နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အခါ ညအချိန်ရောက်တော့ ခရီးသည်တွေအနေနဲ့ နီးစပ်ရာနေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ်ရပ်နားရပါတယ်။
အဆိုပါကားလမ်းဟာ မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသတွင်းက ခရီးသည်တွေနဲ့ ကုန်စည် ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ ကားလမ်းလည်းဖြစ်ပါတယ်။
ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို ကားလမ်းအစား မီးရထားနဲ့ အားကိုး သွားလာနေကြရတဲ့ သူတွေလည်း ရှိလာနေသလို အခုအခါ ခရီးသွားမိဘပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ လေကြောင်းခရီးစဉ်အသစ်ကို တပတ် နှစ်ကြိမ် ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
လေကြောင်းခရီးစဉ်လက်မှတ်တွေကို လေကြောင်းပို့ဆောင်ရေးရုံးမှာ စုံစမ်းမေးမြန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ ဒီဇင်ဘာ ၅ ရက်ကစပြီး မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကော့သောင်း ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တွေမှာ တပတ်နှစ်ရက် ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး လေယာဉ်လက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တည်ငြိမ်မှုမရှိတော့တဲ့ အခြေအနေမှာ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားတွေ လျှော့နည်းလာတဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းလေကြောင်းလိုင်း တွေကလည်း ရပ်တန့်သွားနိုင်တဲ့လမ်းမပေါ် ရောက်ရှိနေတယ်လို့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တကမ္ဘာလုံးမှာ တနေရာမှတနေရာဆီ ခရီးသွားလာခွင့်ကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အစိုးရအဖွဲ့တွေက သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့ရပါတယ်။
ဒီကန့်သတ်ချက်ကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်းစုံမှာ လေကြောင်းလုပ်ငန်းတွေအပါအဝင် ခရီးသွားဝန်ဆောင်မှု နဲ့ဆက်စပ်တဲ့လုပ်ငန်းတွေဟာ ထိခိုက် ခဲ့ပါတယ်။
လက်ရှိပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ပြည်တွင်း လေကြောင်းလိုင်းတွေမှာ အကျိုးအမြတ်ရတဲ့ လေကြောင်းလိုင်းဆိုတာက တော်တော်လေး ရှားပါတယ်ဗျ။ ဒါကြောင့်ပဲ ပြည်တွင်းလေကြောင်းလိုင်းတွေက ကြီးထွားမှုနည်းခဲ့ရတယ်နော်။ ဆွဲတော့ ဆွဲနေတာပဲ။ များများရှုံးတာနဲ့ နည်းနည်းရှုံးတာပဲ ရှိတယ်။ ဒါကလည်း ခရီးသွားလုပ်ငန်းက အနာဂတ်မှာ ကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်င့်ချက်နဲ့ သွားနေကြတာပါ။ တခြားနိုင်ငံတွေမှာတော့ အဲ့လိုမဟုတ်ဘူး။ တိုးတက်လာနိုင်ခြေရှိတယ်ဆိုရင် ပြည်ပရင်းနှီးမြုပ်နှံမှုတွေက ဝင်လာကြတယ်။ ပြည်တွင်းမှာက သူဌေးကြီးတွေကပဲ ဒီဟာကို စိုက်ထုတ်ပြီးတော့ မြုပ်နှံထားတာပါ။ ဒါကြောင့် ဆက်လက်ပြီး ရပ်တည်နိုင်မလားဆိုရင် သူဌေးကြီးတွေက သူတို့တောင်ခံနိုင်တဲ့အထိတော့ ဆက်သွားနေကြတာပါ။ အမှန် တကယ်အခြေအနေက တည်ငြိမ်ပြီးတော့ ခရီးသည်တွေ တိုးတက်လာမှသာ လေကြောင်းလိုင်းတွေကလည်း ဆက်ပြီးတော့ ရပ်တည်နိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ အခုက ဒီတည်ငြိမ်မှုလည်းမရှိဘူး၊ ပြည်ပခရီးသွားတွေလည်း အဝင်မရှိဘူး။ ပြည်တွင်းကခရီးသည်တွေလည်း မသွားလာကြဘူးဆိုရင် အချိန်နဲ့အမျှ လေကြောင်းလိုင်းတွေက ရပ်တန့်သွားပြီး ပျက်စီး သွားဖို့ပဲ ရှိပါတယ်နော်။” လို့ ပြောပါတယ်။
လေယာဉ်လက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးကလည်း “ခရီးသည်တွေက မရှိကြဘူးဆိုတော့ မကိုက်ဘူးနော်။ နောက်တခါ စျေးကွက်အရလည်း အရင်တုန်းက နိုင်ငံခြားသားဆိုရင် ဒေါ်လာယူပြီး မြန်မာနိုင်ငံသားဆိုရင် ကျပ်ငွေနဲ့ ရောင်းတဲ့အခါမှာ ဒီနှစ်ခုစလုံးအတွက် ပျှမ်းမျှနှုန်းထားတခုကို ကြားချလိုက်တာပေါ့။ နိုင်ငံခြားသားဆိုရင် တယောက်ကို ဒေါ်လာ ၈၀ ကနေ ၁၀၀ အထိ ယူထားတာတွေရှိတယ်။ ပြည်တွင်းကလူအတွက်ဆိုရင် ကျပ် ငါးသောင်း ကနေ ခြောက်သောင်း အထိ ယူရတဲ့အတွက် ဒီနှစ်ခုကို မျှလိုက်ပြီးတော့ အကြမ်းမျဉ်းနဲ့ စျေးကွက်ကို တွက်ပြီးတော့ ရောင်းရတာပေါ့နော်။ အခု ကျတော့ နိုင်ငံခြားသားတွေက မရှိကြဘူး၊ ဆိုတော့ ကျပ်ငွေနဲ့ပဲ ရောင်းချရတယ်။ ဒါပေမဲ့ လေယာဉ်ဆီအပါအဝင် တခြားဆက်စပ်ပစ္စည်းတွေကိုတော့ ဒေါ်လာနဲ့ ဝယ်ရတာဖြစ်လို့ မကိုက်တာတွေရှိတယ်။ ဒီ့အတွက် တနာရီပျံသန်းစရိတ်က များတယ်။ ဒါကြောင့် ခရီးသည်နည်းလို့ရှိရင် မကိုက်ဘူး။ ပြီးတော့ စျေးနှုန်းကို မြှင့်ဖို့ဆိုတာကလည်း မရဘူးလေ။ အရင်ကတော့ ခရီးသွားနည်းတဲ့ကာလတွေမှာ စျေးတွေလျှော့ပေးတယ်။ မိုးတွင်းလိုဟာမျိုးပေါ့နော်။ ဇွန်လကစပြီး စက်တင်ဘာလအထိ စျေးနှုန်းတခုထားပြီးရောင်းတယ်။ တခါ အောက်တိုဘာကစပြီး ဧပြီအထိ စျေးနှုန်းတခု ထားရောင်းတယ်။ အဲ့လိုမျိုး သတ်မှတ်ကြတယ်။ အခုအခြေအနေမှာတော့ ဧည့်သည်က အရင်လို အများကြီးမရှိတော့ဘူး။ ဒီတော့ မရရအောင် ပရိုမိုးရှင်းအနေနဲ့ စျေးတွေလျှော့ပြီးတော့ ဆွဲနေရတယ်။ ဒီတော့ စျေးနှုန်းက မြန်မာတွေအတွက်တော့ အရမ်းကြီးမြှင့်တက် လာတာမျိုးမရှိပါဘူး” လို့ဆိုပါတယ်။
ပုဂ္ဂလိကခရိုနီသူဌေးကြီးတွေပိုင်တဲ့ Air KBZ ၊ Air Thanlwin ၊ Mann Yadanarpon ၊ Golden Myanmar အမည်နဲ့ လေကြောင်းလိုင်းတွေနဲ့အတူ နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းကလည်း ပြည်တွင်းခရီးစဉ်အတွက် ပြေးဆွဲ ပေးနေတာပါ။
လက်ရှိ ကိုဗစ်-၁၉ စတုတ္ထလှိုင်းနဲ့ ကိုရိုနာမျိုးကွဲသစ် အွန်မီခရွန်းကူးစက်မှုတွေ နိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေပြီး လေကြောင်းခရီးသွားစဉ်တွေကို စတင်ပိတ်ပင်တာတွေ လုပ်လာနေပြီဖြစ်လို့ မြန်မာပြည်တွင်း လေကြောင်းလိုင်းတွေလည်း ရှေ့လာမယ့် အနာဂတ်မှာ စီးပွားရေး အများကြီးကောင်းလာဖို့ မျှော်လင့်လို့မရသေးတဲ့ အခြေအနေဖြစ်နေလာနေပါတယ်။