ဧပြီလလယ်ပိုင်းကစလို့ ပြည်တွင်းမှာ အပူဒဏ် မြင့်မားတာကြောင့် တောင်ပေါ်ဒေသတွေကို ခရီးသွားလာမှုရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
သင်္ကြန်ကာလအတွင်း ကမ်းခြေဒေသတွေမှာ ခရီးသွားလာမှု အများဆုံးရှိခဲ့ပြီး သင်္ကြန်အပြီး လက်ရှိ အချိန်မှာတော့ ပြည်သူတွေဟာ လျှပ်စစ်မီး မမှန်တာနဲ့ အပူဒဏ် ရှောင်ချင်တာကြောင့် ခရီးသွားလာကြတယ်လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
"တော်တော်များများက ဒီကာလမှာ ဘယ်လိုမျိုး ကျမတို့ကို ဆက်သွယ်လာလဲဆိုတော့ ခရီး မသွားရတာ ကြာပြီ။ ရန်ကုန်မြို့ထဲမှာပဲ နေရတာ ကြာပြီ။ ကြာတော့ မွန်းကျပ်လာပြီ။ ဒီလိုမျိုးလေး ခရီးလေးတခေါက်လောက်တော့ သွားမှရမယ်ဆိုပြီး ပြောလာကြတယ်။ အရမ်းပျော်ပြီး သွားနေကျ ဒီဇင်ဘာလည်းသွား၊ ဖေဖော်ဝါရီလည်းသွား အဲ့လို အမြဲတမ်း သွားနေတာက ရှားသွားပြီ။
"ဘယ်လိုလူတွေ ဝင်လာလဲဆိုတော့ ခရီးမသွားဖြစ်တာကြာတဲ့သူတွေက ဒီမှာနေရတာ အလုပ်အကိုင်တွေကလည်း စိတ်ဖိစီးတယ်။ ရန်ကုန်မြို့ထဲမှာဒါမှမဟုတ် တခြားမြို့က အဲ့လိုလူတွေများတယ်။ ခရီးကို စိတ်ပြေလက်ပျောက် မွန်းကျပ်မှုတွေကနေ သွားချင်တဲ့သူ များပါတယ်။ မဖြစ်မနေ ဆိုတာထက် သူတို့ စိတ်ဖိစီးမှုတွေ ပျောက်ချင်လို့၊ အပူဒဏ်တွေလည်း ရှောင်ချင်လို့ သွားကြတဲ့သူများပါတယ်။ နွေရာသီမှာ ပူတယ်။ မီးကလည်း မမှန်တော့ အများစုက အိမ်မှာ မနေချင်ကြဘူး။ အဲ့တော့ အေးတဲ့ ဒေသ ကလော တောင်ကြီး အင်းလေးဘက်တွေ သွားကြတယ်"လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ ခရီးသွားလို့ရတဲ့နေရာ အကန့်အသတ်ရှိပြီး ပဋိပက္ခ ဖြစ်ပွားမှု နည်းတဲ့ ကမ်းခြေဒေသအပါအဝင် ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အင်းလေးဒေသနဲ့ ပြင်ဦးလွင်ဘက်တွေကို အသွားများတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ပုံမှန်အတိုင်းလည်ပတ်နေပြီး သင်္ကြန်ကာလ အပြီး မိုးရာသီမှာ ၆ လလောက် ရပ်ဆိုင်းမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က "ပြည်တွင်းခရီးသွားကတော့ အခုလိုမျိုး ပုံမှန်လောက်လေးနဲ့ပဲ တရိပ်ရိပ်နဲ့ သွားနေမယ့် သဘော ရှိပါတယ်။ ပြည်တွင်း ခရီးသွားကတော့ သင်္ကြန်ကာလခရီးသွားရာသီ ပြီးရင် ပြန်ကျသွားမှာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ နောင်ပွင့်လင်းရာသီ ရောက်မှပဲ တဖြည်းဖြည်း ပြန်လည်ပတ်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းက သင်္ကြန်ကာလပြီးရင် ရပ်ဆိုင်းသွားဖို့ ရှိပါတယ်။ ၄ လပိုင်း ၅ လပိုင်းကစပြီး မိုးရာသီဖြစ်တဲ့အတွက် ဒီ ၆ လအတွင်းမှာ ခရီးသည်တွေ နည်းလိမ့်မယ်။ ကြိုတင် ပြင်ဆင်ပြီးတော့ အချို့သော လေကြောင်းလိုင်းတွေလည်း ပြန်လည် ပြေးဆွဲဖို့အတွက် ပြင်ဆင်နေကြပြီ။ ဆိုတော့ အဲဒါဆို ရင် ၂၀၂၃ အောက်တိုဘာဆိုရင် ပြည်ပ ခရီးသွား ဒီထက်ပိုပြီး ဝင်ရောက်မှု များပြားလာပါလိမ့်မယ်။ တရှိန်ထိုး တက်လာပါလိမ့်မယ်။ အခုကတော့ တရိပ်ရိပ်နဲ့ တက်တဲ့ သဘောလောက်ပဲ ရှိပေမယ့် လာမယ့် အောက်တိုဘာလောက်ဆို တက်လာမယ့် သဘောရှိပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်ကာလ မတိုင်ခင် မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွား အရေအတွက် တနှစ်ကို ၇ သန်းဝန်းကျင် ရှိပြီး၊ မကောက်ခံထားတဲ့ စာရင်းတွေအရ တနှစ်တာအတွင်း ပြည်တွင်းခရီးသွား အရေအတွက် ၁၀ သန်းလောက် ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ကိုဗစ် မတိုင်ခင် ခရီးသွားအရေအတွက် ပြန်ရောက်ဖို့ မလွယ်ဘဲ ၂၀၂၂-၂၀၂၃ အတွင်း ခရီးသွားလာမှုက ကိုဗစ် မတိုင်ခင်ကာလနဲ့ ယှဉ်ရင် ၅ ပုံ ၁ ပုံလောက်သာ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်း ပြောဆိုကြပါတယ်။
စျေးအမြင့်ပိုင်းမှာ ရောက်ရှိနေတဲ့ ပြည်တွင်းဆန်စျေးနှုန်းတွေဟာ အခုရက်ပိုင်းအတွင်း စျေးနှုန်းတွေ ထပ်မံမြင့်တက်လာတယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။
အဓိကအားဖြင့် ပြည်တွင်း စားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ချောစျေးနူန်းတွေဟာ ၀ယ်လိုအားနဲ့အပြိုင် စျေးတွေ ထပ်မံမြင့်တက်လာတာပါ။ တောင်သူလက်ထဲ စပါးလက်ကျန် လျော့နည်းနေချိန် ဝယ်လိုအားများလာတာကြောင့် စျေးမြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်စျေးကွက်မှာ တစ်ပတ်အတွင်း ရွေဘိုပေါ်ဆန်းတစ်အိတ်ကို အရင်ထက် ကျပ် ၇၀၀၀ ကနေ ၁၀၀၀၀ လောက် အထိ မြင့်တက်လာပြီး၊ ကြားပျံရှယ်တစ်အိတ်ကို ကျပ်၂၀၀၀ ကနေ ၅၀၀၀ ကြားထိ မြင့်တက်လာတာတွေ့ရပါတယ်။ အလားတူ တချို့ဆန်စျေးနှုန်းတွေလည်း အသီးသီး မြင့်တက်နေတာပါ။
“အခုမနက်ပဲ ဆန်စျေးတွေက ထပ်တက်လာတာ၊ ရွှေဘိုပေါ်ဆန်းက မနေ့က စျေးထက် အတော် သိသိသာသာ တက်သွားတယ်” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပုံမှန်ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းတွေအရ ရွှေဘိုပေါ်ဆန်း ဆန်က တစ်အိတ်ကို ကျပ်၇၀၀၀၀ ကနေ ၇၆၀၀၀ ကြား ပေါက်စျေးရှိပြီး၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၅၃၀၀၀ ကနေ ၅၅၀၀၀ ကြား၊ ကြားပျံ၇ှယ်ဆန် တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ကြားစျေးရှိပါတယ်။ တစ်ပတ်အတွင်း ဆန်တစ်အိတ်ကို ပျမ်းမျှကျပ် ၂၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်စျေးထပ်မံ မြင့်တက်လာတာပါ။
ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ ဖြစ်ခဲ့တဲ့ စျေးနဲ့ယှဥ်ရင် ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ကျပ်၂၅၀၀၀ ၀န်းကျင်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၅၀၀၀ ၀န်းကျင်နဲ့ ကြားပျံ ၇ှယ်ဆန် တစ်အိတ်ကို ၂၀၀၀၀ ၀န်းကျင်ထိ တစ်နှစ်အတွင်း စျေးမြင့်တက်ခဲ့ပါတယ်။ ဆန်ချောစျေးနဲ့အတူ ဆန်ကြမ်းစျေးတွေကလည်း တစ်ရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာပါ။ တစ်နှစ်အတွင်း ဧည့်မထ (၂၅) မတ် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁၀၀၀၀ ၀န်းကျင် စျေးမြင့်တက်ခဲ့ပြီး၊ ငစိန်ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ကျော် မြင့်တက်ခဲ့ပါတယ်။
သင်္ကြန်ကာလအပြီး တစ်ရိပ်ရိပ်မြင့်တက်လာခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ အခု ဇူလိုင်လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာဖြစ်ပြီးတော့ ဆက်လက်မြင့်တက်နေဦးမယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထား ကြပါတယ်။
အခုနှစ်မှာစိုက်ပျိုးစရိတ် အရင်းအနှီး အဆမတန် ကြီးမြင့်နေတာကြောင့် စိုက်ဧကနဲ့အတူ အထွက်နှုန်းလည်း လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေမတည်ငြိမ်၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်တာကြောင့် စိုက်ဧကကို လျော့ကျ စေခဲ့ပါတယ်။
အခုလို ပြည်တွင်း စိုက်ဧက လျော့ကျနေချိန် ဒေါ်လာငွေလဲနှုန်းနဲ့အတူ ပြည်ပ၀ယ်လိုအားကလည်း ဆက်လက်အားကောင်း နေတာကြောင့် ဆန်စျေး ဆက်လက်မြင့်တက် နေဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထား ကြတာပါ။
ဒါပေမဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်တာ၊ ငွေကြေးဖောင်းပွပြီး၊ အထွေထွေကုန်စျေးနှုန်းမြင့်တက်နေတာ တွေက လယ်သမားတွေအတွက် အကျိုးအမြတ်များများ ရရနိုင်ခြေ နည်းနေပါတယ်။ နယ်မြေမတည်ငြိမ်၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာတွေက စိုက်ပျိုးတောင်သူတွေဟာ မီးရှုံ့ခံရမှာကို စိုးရိမ်တဲ့အတွက် ရရာ စျေးနဲ့ အမြန်ထိုးရောင်းနေရပါတယ်။ အဲဒီလိုထိုးရောင်းရတဲ့အတွက် တောင်သူတွေဆီမှာ စပါးလက်ကျန်မရှိတာကြောင့် အခုမြင့်တက်နေတဲ့ စပါးဈေးရဲ့အကျိုးအမြတ်တွေကို တောင်သူတွေ ခံစားခွင့်မရကြပါဘူး။