တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမတခုဖြစ်တဲ့ သိန္နီ-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမပေါ်မှာ မတ် ၇ ရက် မနက်က ၁၂ ဘီး ကုန်တင်ကား ၂ စီး မီးရှို့ဖျက်ဆီးခံရကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တဦးက “ချင်းရွှေဟော်လမ်းဘက်မှာ၊ ချင်းရွှေဟော်သွားတဲ့လမ်း၊ ပုံစံကတော့ နားတီးတဝိုက်ဖြစ်မယ်။ သူက မီးရှို့တာ၊ သက်သက်မီးရှို့တာ၊ ၂ စီး၊ အခွန်မဆောင်လို့ဖြစ်မယ်။ ချင်းရွှေဟော် လာတဲ့ ကားပဲလေ၊ ၁၂ ဘီးကားပဲပေါ့” လို့ ပြောပါတယ်။
မီးရှို့ခံရတဲ့နေရာက သိန္နီနဲ့ ချင်းရွှေဟော်ကြား နားတီးရွာအနီးဘက်မှာဖြစ်ပြီး အဲဒီကုန်သွယ်ရာ လမ်းဘက်ကနေ ၁၂ ဘီးနဲ့သာ သွားလို့ရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ကုန်သည်တဦးကတော့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် မီးရှို့ဖျက်ဆီးလိုက်ပြီး ပြည်သူတွေ ဘဝပျက်သွားတဲ့အထိတော့ မလုပ်သင့်ကြောင်းနဲ့ အခွန်မဆောင်ရင် တခြားနည်းနဲ့ ဒဏ်ရိုက်တာမျိုး၊ အဆပိုပြီး အခွန်ဆောင်ခိုင်းတာမျိုးပဲ လုပ်သင့်တယ်လို့ ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ်လေ မီးရှို့လိုက်ရင် သူများက ဘဝပျက်သွားတယ်လေနော်။ ၁၀ သိန်းဆောင်မယ့်ဟာကို သိန်း ၅၀ ဆောင်လိုက်ပေါ့။ သို့မဟုတ်ရင်လည်း သိန်း ၃၀ ဆိုရင် အဆမတန် ဒဏ်ငွေရိုက်လိုက်ပေါ့။ အဲလိုကျတော့ ဘယ်ပြည်သူလည်း မကြိုက်ဘူးလေ။ တအားရက်စက်လွန်းတယ်။ သူတို့က အဲလိုလုပ်လိုက်ရင် ကြောက်သွားမယ်လို့ထင်တာ။ အမှန်မှာက ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ ကိုယ်က နာမည်ပျက်တယ်လေနော်။ လူမဆန်ဘူးလေ အဲလိုမျိုးကျတော့။”
ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရာ လမ်းကြောနှစ်ခုဖြစ်တဲ့ ချင်းရွှေဟော်-မိန်းတိန် လမ်းကြောင်းနဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မူဆယ် နယ်စပ်လမ်းကြောင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အခွန်ဆက်ကြေး ကောက်လေ့ကောက်ထရှိပြီး မပေးဆောင်နိုင်သူတွေကို ကုန်တင်ကားတွေကို မီးရှို့ဖျက်ဆီးတာမျိုး မကြာခဏ ကြုံရကြောင်း နယ်စပ်အသိုက်အဝန်းက သိရပါတယ်။
ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ဆက်ကြေး အဆမတန် ကောက်ခံတာမျိုး ကြုံနေရတာကြောင့် အရှေ့မြောက်စီးပွားရေးလမ်းကြောင်းကနေ မြဝတီနဲ့ ပင်လယ်လမ်းကြောင်းတွေဘက် ပြောင်းလဲ ကုန်သွယ်နေသူတွေလည်း အများအပြား ရှိနေပြီလို့ ဆိုပါတယ်။
အဆိုပါကားနှစ်စီးကို ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာ မသိရေသေးဘဲ အဲဒီနေရာဘက်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်တဲ့ TNLA, MNDAA, AA နဲ့ KIA, PDF တို့ သွားလာလှုပ်ရှားရာနေရာ ဖြစ်ပါတယ်။
တရုတ် - မြန်မာ ကုန်သွယ်ရာလမ်းဖြစ်တဲ့ ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက် ရှုခင်းသာနားက ပြည်ထောင်စုလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခန့်ကစပြီး စစ်တပ်နဲ့ ကေအိုင်ကေတို့ တိုက်ပွဲဖြစ်ပွားနေလို့ လမ်းပိတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ လူငယ်တဦးက "ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား။ ရှုခင်းသာနားမှာလေ။ နမ့်တွန်းချောက်လို့ လည်း ခေါ်ကြတယ်။ အဲဒီနားမှာ ဖြစ်တာ"လို့ ပြောပါတယ်။
ဒီမနက် ၁၀ နာရီလောက်ကတည်း တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသွားကားတွေ လမ်းမှာ ပိတ်မိ နေလို့ ဆက်သွားလို့ရတော့ဘူးလို့ ပိတ်မိနေသူ ခရီးသွားတဦးက ပြောပါတယ်။
ရှုခင်းသာနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီ မကြာခဏ တိုက်ပွဲဖြစ်လို့ ကားအသွားအလာ ရပ်ထားရတာမျိုး မကြာခဏ ကြုံရတယ်လို့ ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
"ဒီမှာ ခဏခဏ ဖြစ်တယ်လေ။ ချလိုက်၊ ဆက်ကြေးကောက်လိုက်။ ဟိုကောင်တွေက လာတွယ်လိုက်။ ပြီးရင် ထွက်သွားလိုက်နဲ့။"
ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၇ ရက်အထိ KIA တပ်ရင်း ၉ နဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် နဲ့ ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။