ဗင်နီဇွဲလား အတိုက်အခံ ကိုယ်စားလှယ်ဟာ ဇန်နဝါရီ ၉ ရက်က ဘာရီနပ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
အတိုက်အခံ ကိုယ်စားလှယ်အသစ် ဂါရီဒိုက ရွေးကောက်ပွဲမှာ ၅၅ ရာခိုင်နှုန်းကျော် မဲရခဲ့ပြီး အာဏာရပါတီ ကိုယ်စားလှယ်ကတော့ ၄၁ ရာခိုင်နှုန်းကျော်သာ မဲရခဲ့တယ်လို့ အမျိုးသား ရွေးကောက်ပွဲကောင်စီရဲ့ ဘာရီနတ်စ်ပြည်နယ် ကိုယ်စားလှယ်တွေက အစိုးရ ရုပ်သံကနေ ကြေညာပါတယ်။ အာဏာရပါတီ ကိုယ်စားလှယ်ကလည်း အရှုံးကို လက်ခံခဲ့ပါတယ်။
ဒီရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံတဝန်း ဆိုရှယ်လစ်ပါတီ ထိန်းချုပ်မှုကို မပြောင်းလဲနိုင်ပေမဲ့ ဒီပြည်နယ်အတွင်း အတိုက်အခံတွေအတွက် အထင်ကရ အောင်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလား ခေါင်းဆောင်ဟောင်း ဟူဂိုချာဗက်စ်ရဲ့ မွေးရပ်ဇာတိက ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် ဆိုရှယ်လစ်ပါတီရဲ့ ၂၂ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ် သွားခဲ့ပါတယ်။
ခေါင်းဆောင်ဟောင်းရဲ့ ညီအစ်ကိုဖြစ်သူဟာ မနှစ်က အာဏာရပါတီအတွက် ဒီပြည်နယ်မှာ မဲဝင်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။
နိုင်ငံတော် စာရင်းစစ်ချုပ် အရာရှိက အတိုက်အခံ ခေါင်းဆောင် ဖရက်ဒီစူပါလာနိုကို အုပ်ချုပ်မှုဆိုင်ရာစုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်အပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ သတ်မှတ်ချက် မပြည့်မီအောင် လုပ်ခဲ့ပါတယ်။
တရားရုံးချုပ်က အတိုက်အခံ ခေါင်းဆောင်ကို အရည်အချင်း မပြည့်မီကြောင်း ကြေညာအပြီး ရွေးကောက်ပွဲကို ပြန်ကျင်းပခဲ့တာဖြစ်ပါတယ်။
အာဏာရပါတီ ကိုယ်စားလှယ် ချာဗက်ဇ်ကတော့ ရွေးကောက်ပွဲ ပြန်မပြိုင်တော့ဘဲ သူ့နေရာမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ဝင်ပြိုင်ခဲ့တာပါ။