close

ပြည်နှင်ဒဏ်

close

January 19, 2023

ကော့သောင်းတွင် ဖမ်းဆီးထားသည့် နိုင်ငံခြားသား ၇ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗြိတိန်နဲ့ ဆွစ်ဇာလန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၇ ဦးကို မြန်မာအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က ဗြိတိန်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးတို့ဟာ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲ အပျော်တမ်း ငါးဖမ်းလှေနဲ့ ဝင်ရောက်လာပြီးနောက် မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။

အဆိုပါ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၇ ဦးကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ထိုင်းနိုင်ငံ အာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“သိရတာတော့ နိုင်ငံခြားသား‌ ၇ ဦးက ရေပိုင်နက်ကျော်ပြီးတော့ ရောက်လာတာ။ မနေ့က ထိုင်းဘက်ကို ပြန်ပြီးလွှဲပေးလိုက်တယ်။ ပြည်နှင်ဒဏ်ပေးလိုက်တယ်ပေါ့။”

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၇ ဦးကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ နဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောဥပဒေများ) အက်ဥပဒေပုဒ်မ ၇(မ) နဲ့ ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ သိရပါတယ်။

ပြည်နှင်ဒဏ်ပေးခံရတဲ့ နိုင်ငံခြားသား ၇ ဦးကို ကော့သောင်းခရိုင် တာဝန်ရှိသူတွေက ကော့သောင်းမြို့ ဂိတ်မှတဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တာဝန်ရှိသူတွေဆီ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရပါတယ်။

3 weeks Ago

March 3, 2022

ကုလ၌ အလုပ်လုပ်နေသည့် ရုရှားထောက်လှမ်းရေးကို ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ ရုရှထောက်လှမ်းရေးတယောက်ကို ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အတွက် ပြောခွင့်ရက မတ် ၁ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံထဲမှာ နေထိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကုလသမဂ္ဂမှာ အလုပ်လုပ်ရင်း ရုရှား ထောက်လှမ်းရေး စစ်ဆင်ရေးတရပ်မှာ ပါဝင်နေတဲ့ လူတယောက် ပြည်နှင်ဖို့ လိုအပ်တာတွေကို အမေရိကန်အစိုးရက စလုပ်နေပြီလို့ ပြောခွင့်ရက ပြောပါတယ်။

အမေရိကန်ဟာ အမျိုးသားလုံခြုံရေးအတွက် နယူးယောက်မြို့က ကုလသမဂ္ဂ တာဝန်ကနေ ရုရှ သံတမန် ၁၂ယောက်ကို အရင်က နှင်ထုတ်ခဲ့ပါသေးတယ်။ 

“ကျနော်တို့ကိုယ် ကျနော်တို့ ဒီအခြေအနေထဲမှာ တွေ့ရလို့ ဝမ်းနည်းရတယ်။ ဒါပေမဲ့ လက်ခံနိုင်ငံနဲ့ ပြောဆိုနေပါပြီ” လို့ ကုလပြောခွင့်ရ စတက်ဖနေဒူဂျာရစ်က မတ် ၁ ရက်နေ့မှာ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် နားလည်ရခက်တာက ဒီဝန်ထမ်းဟာ သူ့တာဝန်ကို မတ် ၁၄ ရက်မှာ အဆုံးသတ်ဖို့ အချိန်ဇယားဆွဲထားတာကိုပဲလို့ ဒူဂျာရစ်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်စီလီနေဘန်ဇီယာကတော့ ရုရှားသံတမန် ၁၂ ယောက်ဟာ မတ် ၇ ရက်မှာ အမေရိကန်နိုင်ငံထဲကနေ ထွက်သွားဖို့ အမိန့်ပေးခံထားရတယ်လို့ ဖေဖော်ဝါရီ  ၂၈ ရက်က ပြောပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး ရုရှားဟာ သံတမန်လုပ်ရပ်အတွက် တုံ့ပြန်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

11 months Ago
Up