၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိ ၈ လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ဖြစ်ပေါ် ခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းအရ သိရပါတယ်။
အဲဒီစာရင်းအရ အခုဘဏ္ဍာနှစ် ၈ လအတွင်းမှာ ပို့ကုန်တင်ပိုမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၁၁၁၇၁ ဒသမ ၇၄၃ သန်းခန့်သာ ရှိပြီး၊ သွင်းကုန်တင်သွင်းမှု တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၁၇၁၃ ဒသမ ၅၈၉သန်းခန့် ရှိပါတယ်။
သွင်းကုန်တင်သွင်းတဲ့တန်ဖိုးက ပို့ကုန်တင်ပို့တဲ့ တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၅၄၁ ဒသမ ၈၄၆ သန်း ပိုများနေတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုစာရင်းကို ကြည့်ရင် ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက ၈ လအတွင်း အမေရိကန် ဒေါ်လာ ၇၂၅၇ ဒသမ ၃၄၀ သန်းခန့်သာ ရှိပြီး သွင်းကုန်ပြန် တင်သွင်းတဲ့ တန်ဖိုးက ဒေါ်လာ ၁၀၂၅၅ ဒသမ ၀၃၇ သန်းထိ ရှိခဲ့ပါတယ်။ ပို့ကုန်ထက် သွင်းကုန် တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၉၉၇ ဒသမ ၆၉၇ သန်း ပိုများနေပါတယ်။
နယ်စပ်ကုန်သွယ်ရေးက တဆင့် ကုန်သွယ်မှုမှာတော့ သွင်းကုန်ထက် ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက ပိုများနေပါတယ်။ ပို့ကုန်တင်ပို့တဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၉၁၃ ဒသမ ၈၀၃သန်းရှိပြီး၊ သွင်းကုန်ပြန်တင်သွင်းတဲ့ တန်ဖိုးက ၁၄၅၈ ဒသမ ၅၅၂သန်းခန့်သာ ရှိခဲ့တယ်လို့ စီး/ကူးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
ဒါပေမဲ့ နယ်စပ်ဒေသမှာ တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းကနေ ပြည်ပကကုန်စည်တွေ အမြောက်အမြား တင်သွင်းနေကြတာဖြစ်လို့ ဒီပမာဏကိုတော့ ထည့်သွင်း တွက်ချက်နိုင်တာ မရှိပါဘူး။
အခုဘဏ္ဍာနှစ်ရဲ့ သွင်းကုန်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMPပစ္စည်း တင်သွင်းမှုက အရင်နှစ် ကာလတူနဲ့ ယှဥ်ရင် ပိုမြင့်တက်နေတာကို တွေ့ရပြီး၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကတော့ အနည်းငယ် လျော့ကျနေပါတယ်။
ပို့ကုန်ကဏ္ဍမှာတော့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပေမဲ့ သတ္တုတွင်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနဲ့ အခြားပစ္စည်း တင်ပို့မှုတွေ လျော့ကျနေတာ တွေ့ရပါတယ်။
စစ်ကောင်စီကတော့ သူတို့တာဝန်ယူနေစဉ်ကာလမှာ ပြည်ပသွင်းကုန်တွေ အပေါ် ကန့်သတ်ခဲ့သလို၊ သွင်းကုန်၊ပို့ကုန် မူဝါဒနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေ မကြာခဏ ချမှတ်နေတာကြောင့် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိဘဲ စမ်းတဝါးဝါး ဆောင်ရွက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
ပုံမှန် နှစ်တွေထက် ပို့ကုန်တန်ဖိုး သိသိသာသာ တိုးတက်လာတာ မရှိပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာ ကုန်သွယ်ရေးပိုငွေ ၁၆၉ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း ကုန်သွယ်မှု ပိုငွေ သန်း ၆၇၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့စီး/ကူးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ဒသမ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊ ၂၀၁၈ မီနီဘတ်ဂျတ်မှာ ၁ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ဒသမ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့တယ်လို့ အဲဒီဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ သိရပြီးကုန်သွယ်မှုလိုငွေပြမှု ပမာဏ ဟာနှစ်စဉ် လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ အောက်တိုဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာကာလအတွင်းမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၁ သန်း ရရှိထားပြီး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် ၆ လ ပြည့်မီဖို့ နှစ်ပတ်အလို မတ် ၁၈ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းက ပို့ကုန်ပိုင်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၅၀၈ ဘီလီယံ၊ သွင်းကုန်ပိုင်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၂၆၄ ဘီလီယံ ကုန်သွယ်ထားပါတယ်။
စစ်ကောင်စီကတော့ သူတို့ပြောင်းလဲသတ်မှတ်ထားတဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ၆ လ မီနီဘတ်ဂျက် ကာလအတွင်း ကုန်သွယ်မှု ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ပြီး ပို့ကုန်ကို ကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ၊ သွင်းကုန်ကို ကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ကုန်သွယ်နိုင်ဖို့ မျှော်မှန်းထားတာပါ။ ဒါကြောင့် လျာထားချက်ပြည့်မီဖို့ ပို့ကုန်တန်ဖိုး ၀ ဒသမ ၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး ၁ ဒသမ ၅၃၆ ဘီလီယံ လိုအပ်နေပါသေးတယ်။
စစ်တပ်က အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းတွေ နှေးကွေးသွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ ၁၆၇ သန်းကျော် လျော့ကျနေပါတယ်။
မီနီဘတ်ဂျက် ၆ လ ပြည့်မီဖို့ နှစ်ပတ်အလိုမှာ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှု ၁၄ ဒသမ ၇၇၃ ဘီလီယံ ရှိထားပြီး အရင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၆၇ သန်းကျော် လျော့ကျနေတာပါ။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ ကုန်သွယ်ရေးစာရင်းအရ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းတွေ တင်ပို့မှု လျော့ကျခဲ့ပြီး သွင်းကုန်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေ လျော့ကျခဲ့ပါတယ်။ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်းတွေ တင်ပို့မှု မြင့်တက်ခဲ့ကာ CMP နဲ့ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေ ပိုမိုတင်သွင်းခဲ့ပါတယ်။
အခုဘတ်ဂျက်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၅ ဘီလီယံကျော် ကုန်သွယ်မှု တိုးတက်ခဲ့ပေမဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၂ ဘီလီယံကျော် လျော့ကျခဲ့ပါတယ်။
၆ လနီးပါးအတွင်း နယ်စပ်လမ်းကြောင်းကနေ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၁ ဒသမ ၅၁၃ ဘီလီယံကျော်၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၉၀၀ ကျော် လျော့ကျခဲ့တာပါ။ ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ဂိတ်တွေ မကြာခဏပိတ်ရတာ၊ တရုတ်က နယ်စပ်ကုန်သွယ်မှု စနစ်သစ် ကျင့်သုံးလာတာတွေကြောင့် ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေ ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံနီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။