ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်း မြင့်တက်လာနေတာကြောင့် ပြည်ပဆန်တင်ပို့မှုတွေကို အကန့်အသတ်စနစ် (Quota) နဲ့ တင်ပို့ရမှာဖြစ်ပြီး ဆန်တင်ပို့မှုလိုင်စင် အဟောင်းတွေကိုလည်း စိစစ်နေကာ လိုင်စင်အသစ် ထပ်ချမပေးတာကြောင့် နယ်စပ်ဆန်တင်ပို့မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ မူဆယ် နယ်စပ်ဆန်ကုန်သည်တွေဆီက သိရပါတယ်။
မူဆယ်နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တဦးက “လိုင်စင်အသစ်က ဖေဖော်ဝါရီလကတည်းက မထုတ်ပေးတော့တာ။ ဧပြီလကုန်လောက် ပြန်ထုတ်ပေးမယ်တော့ ကြားတယ်။ နယ်စပ်ပို့ကုန်ရငွေ ၆၅၊ ၃၅ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တာရယ်။ နယ်စပ်ဆန်တင်ပို့ဖို့ လိုင်စင်အသစ် မချပေးသေးတာကြောင့် တင်ပို့မှုက ရပ်ဆိုင်းလုနီးဖြစ်နေတယ်” လို့ ပြောပါတယ်။
ပြည်တွင်းမှာ ဆန်ဈေး အဆမတန် မြင့်တက်ချိန်နဲ့ ပို့ကုန်ရငွေ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ဆန်ကုန်သည်တွေ အကျိုးအမြတ်ရရှိမှုနည်းလို့ အများစုက ဆန်တင်ပို့မှုကို ရပ်နားခဲ့ကြတာတွေ ရှိလာပါတယ်။
နယ်စပ်ကုန်သည်တဦးက “တလကို ဆန်တန်ချိန် တသိန်းခွဲ (အိတ်ရေ သုံးသန်း) ပဲ ပို့ရမယ်လို့ သတ်မှတ်လိုက်တယ်။ လိုင်စင်အဟောင်းတွေကိုလည်း ပြန်စစ်နေတယ်လေ။ အသစ်လျှောက်ဖို့လည်း မလွယ်ကူတော့ဘူး။ ကုန်သည်တွေက အခြေအနေ စောင့်ကြည့်နေတော့ ဆန်က အဝယ်ခက်နေတယ်။ ဆန်အဝင်နည်းရင် ဈေးကတော့ ဆက်တက်နေမှာပဲ” လို့ ပြောပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ဆန် (ဆန်ကွဲအပါအဝင်) တင်ပို့မှု တန်ချိန် ၂ ဒသမ ၀၉၉ သန်း ရှိတယ်လို့ မြန်မာ့နိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုမှာ တရုတ်နိုင်ငံထဲကို နယ်စပ်လမ်းကြောင်းကနေ အဓိကထား တင်ပို့နေတာဖြစ်ပြီး အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေဆီကိုတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့နေတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
၂၀၂၂-၂၀၂၃ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပ ဆန်၊ဆန်ကွဲ တင်ပို့မှုကို တန်ချိန် ၂ သန်း လျာထားဆောင်ရွက်နေတာဖြစ်ပေမဲ့ ဘဏ္ဍာနှစ် ကုန်ဆုံးဖို့ ၁ လအလိုမှာ တန်ချိန် ၂ ဒသမ ၁ သန်းဝန်းကျင် တင်ပို့ထားပြီးဖြစ်ကာ လျာထားချက်ထက် ကျော်လွန်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
အခုဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီ လကုန် အထိ ၁၁လအတွင်းမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၀၉၉သန်း ကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားတာပါ။
အခု ဘဏ္ဍာနှစ် ၁၁ လကျော်မှာပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ ဆန်၊ ဆန်ကွဲတန်ချိန် ၁ဒသမ၆ သန်း ကျော်အထိ တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှုပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့မှုက တန်ချိန် ၄ သိန်းကျော် ရှိပြီးတော့ စုစုပေါင်းတင်ပို့မှုပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။
မြန်မာ့ဆန်ကို အခု ဘဏ္ဍာနှစ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပမာဏအများဆုံး ဝယ်ယူထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို ဆန်နဲ့ ဆန်ကွဲတန်ချိန် နှစ်သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် သုံးသန်းကျော်အထိ တင်ပို့နိုင်ခဲ့ပါတယ်။
အခုနှစ်မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တောင်သူတွေဟာ စပါးကို ပြည့်ဝစွာ စိုက်ပျိုးနိုင်ခြင်းမရှိတာ၊ စပါးအထွက်နှုန်းအပေါ် စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုတွေ ရှိနေတာ၊ စိုက်ပျိုးရေးအတွက် အထွေထွေ ကုန်ကျ စရိတ်တွေ မြင့်တက်နေတာစတဲ့ အချက်တွေကြောင့် ဆန်စပါးဈေးနှုန်းတွေက ပြည်တွင်းမှာ မကြုံစဘူး စံချိန်တင် မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြည်တွင်း ဆန်ဈေးကွက်ထဲမှာ ဆန်ဖူလုံမှုရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်နက်ကိုင်ပဋိပက္ခဒေသတွေက စပါးစိုက်တောင်သူတွေကတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် စပါး ကောင်းကောင်း မစိုက်နိုင်လို့ အထွက်နှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
“ခေတ်မှမကောင်းတာဗျာ၊ အရင်လို ဘယ်ကောင်းကောင်းစိုက်နိုင်မလဲ။ ရေမရလို့လဲ မြောင်းသွား မပြင်ရဲဘူး။ သွားရေးလာရေးက ခက်ကခက်နဲ့။ မထွက်နှုန်းလည်းကျတာပေါ့။ ဒါပေမဲ့ ဈေးရလို့ တော်သေးတယ်”လို့ စစ်ကိုင်း တိုင်းက စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း ပို့ကုန်ရငွေ(နိုင်ငံခြားငွေကြေး) တွေအပေါ် စစ်ကောင်စီက ထိန်းချုပ် ကန့်သတ်ထားတဲ့အတွက် ဆန်အပါအဝင် ပြည်ပပို့ကုန်ကဏ္ဍမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ထောက်ပြနေကြ ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ၆ လအတွင်းမှာတော့ ဆန်နဲ့ ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၄ သန်းထိ တင်ပို့ခဲ့ပြီး ပုံမှန်နှစ်တွေထက် တိုးတက်မှု ရှိခဲ့ပါတယ်။