close

ပြည်ပတင်ပို့မှု

close

December 10, 2022

ဘင်္ဂလားဒေ့ရှ်ဝယ်ယူမှုကြောင့် မြန်မာဆန် ပြည်ပတင်ပို့မှု မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝယ်ယူမှုကြောင့် နိုဝင်ဘာလအတွင်း မြန်မာ့ ဆန်တင်ပို့မှုက အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း  လအလိုက်  ဆန်တင်ပို့မှုမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားချက်အရ နိုဝင်ဘာလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန်  ၂၆၀,၀၀၀ ကျော်ထိ တင်ပို့ထားပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း တင်ပို့မှုနဲ့ ယှဥ်ရင် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၁၈၀,၀၀၀ ဝန်းကျင်၊ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၈၀,၀၀၀ ကျော်ရှိပြီးတော့  ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်းထိ ရရှိထားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်ဝယ်ယူမှုက  တန်ချိန် ၉ သိန်းနီးပါးရှိပြီး၊ စုစုပေါင်းဆန်တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့  ဆန်နဲ့ဆန်ကွဲ လအလိုက် တင်ပို့မှုစာရင်းကို ပြန်ကြည့်ရင် အခုဘဏ္ဍာနှစ် ပထမလဖြစ်တဲ့ ဧပြီလမှာ တန်ချိန် ၂သိန်းခွဲကျော် ၊ မေလမှာ တန်ချိန် ၁ သိန်းခွဲ ဝန်းကျင်၊ ဇွန်လမှာ တန်ချိန် ၁၄၀,၀၀၀ ကျော်၊ ဇူလိုင်လမှာ တန်ချိန် ၂ သိန်း ဝန်းကျင်၊ သြဂုတ်လမှာ တန်ချိန် ၁သိန်းခွဲကျော်၊ စက်တင်ဘာလမှာ တန်ချိန် ၁ သိန်းဝန်းကျင်နဲ့ အောက်တိုဘာလမှာ တန်ချိန် ၁၆၀,၀၀၀ ကျော် အသီးသီးရှိခဲ့ပါတယ်။

ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုကနေ လအလိုက် ရရှိတဲ့ ပို့ကုန်တန်ဖိုးအနေနဲ့ ဧပြီလမှာ အမေရိကန်ဒေါ်လာ ၈၂ သန်း၊ မေလမှာ ၅၁ သန်း၊ ဇွန်လမှာ သန်း ၅၀ ၊ ဇူလိုင်လမှာ ၆၆ သန်း၊ သြဂုတ်လမှာ ၅၃ သန်း၊၊ စက်တင်ဘာလမှာ ၃၇ သန်းနဲ့  အောက်တိုဘာလမှာ ၆၅ သန်း အသီးသီးရှိခဲ့ပြီး၊ နိုဝင်ဘာလမှာ တော့ အမေရိကန်ဒေါ်လာ ၁၀၆ သန်းထိ မြင့်တက်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက  G to G စနစ်နဲ့ ဝယ်ယူနေတာကြောင့် နိုဝင်ဘာလမှာ ဆန်တင်ပို့မှု သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး နှစ်နိုင်ငံ ရေးထိုးထားတဲ့ ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ  နားလည်မှု စာချွန်လွှာ (MOU)အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် ၂သိန်းခွဲထိနဲ့ ပေါင်းဆန် တန်ချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

အဲဒီ MOUအရအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံကနေ ဧည့်မထ ၅ ရာခိုင်နှုန်း တန်းမြင့်ဆန် တန်ချိန်  ၁၁၀,၀၀၀ ခန့်ကို  တင်ပို့ထားပြီး၊  ဆန်တန်ချိန် ၂,၀၀၀ ကျော်က သင်္ဘောတင်ဆဲဖြစ်ကာ  ကျန်ရှိနေတဲ့နေတဲ့ ဆန်တွေကိုတော့ သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီး/ကူးဝန်ကြီးဌာနက သိရပါတယ်။

အခုနှစ် ပြည်တွင်း ဆန်စျေးနှုန်းတွေကတော့  ကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်လာတာ၊ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး၊ ဒေသတွင်း မတည်ငြိမ်တွေကြောင့် စပါးစိုက်ဧက လျော့ကျလာတာ၊ ပြည်ပဆန်ဝယ်ယူမှု အားကောင်းနေတာ စတဲ့အချက်တွေကြောင့်  ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းကနေ  ၉၀ ရာခိုင်နှုန်းဝန်းကျင်ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းက ထုတ်ပြန်တဲ့ ဈေးနှုန်းစာရင်းအရ  ပြီးခဲ့တဲ့နှစ်က ဧည့်မထ အုပ်စုဝင် (ဆန်ဟောင်း) တစ်အိတ်ကို  ၂၄၀၀၀ ကျပ် ကနေ ၂၅၀၀၀ ခန့် ရှိခဲ့ရာကနေ အခုအခါ တစ်အိတ်ကို  ကျပ် ၄၆၀၀၀ ကနေ  ၄၇၀၀၀ ခန့်ထိ မြင့်တက်လာပါတယ်။

ဆန်ချောစျေးနှုန်းအနေနဲ့  ‌ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ပြီးခဲ့တဲ့နှစ်က ၅၂၀၀၀ ကျပ် ကနေ ၅၉၀၀၀ခန့် ရှိခဲ့ရာကနေ အခုအခါ တစ်အိတ်ကို  ၉၀၀၀၀ ကျပ် ကနေ  ၉၈၀၀၀ ခန့်ထိ မြင့်တက်လာတာ တွေ့ရပါတယ်။

လတ်တလော ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်သစ်တွေ ထွက်ပေါ်နေပြီ ဖြစ်ပေမဲ့လည်း ဆန်သစ်နဲ့ ဆန်ဟောင်းဈေးနှုန်းတွေက အမြင့်ဈေးမှာပဲ ဆက်လက်ဆက်လက်ရပ်တည်နေပါတယ်။

4 mins Ago

August 23, 2022

၄ လခွဲကာလအတွင်း သတ္တုတွင်းထွက်ကုန်နှင့် လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု လျော့ကျ

အခု ဘဏ္ဍာနှစ် ၄ လခွဲအတွင်း နိုင်ငံခြားကုန်သွယ်မှု အရင်နှစ်ထက် ကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုများလာပြီး သတ္တုတွင်းထွက်ပို့ကုန်နဲ့ လယ်ယာထွက်ကုန် လျော့ကျသွားပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်နေ့အထိ လေးလခွဲကာလအတွင်းမှာ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီစာရင်းအရ ပို့ကုန်မှာ ၁ ဒသမ ၂ ဘီလီယံကျော်၊ သွင်းကုန်မှာ ၁ ဘီလီယံကျော်နဲ့ စုစုပေါင်း ၂ ဘီလီယံကျော် ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုထက် ပိုများလာပါတယ်။ 

စစ်ကောင်စီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပပို့ကုန်ကို နှစ်အလိုက်ဈေးနှုန်းအရ ၁၅ ဒသမ ၅  ဘီလီယံ၊ သွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနဲ့ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးကို ၂၉.၅ ဘီလီယံ မျှော်မှန်းထားခဲ့ပါတယ်။

လက်ရှိမှာ သွင်းကုန်ကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ၊ ပို့ကုန်ကို အမေရိကန် ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျော်နဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ကုန်သွယ်ထားပြီး ဖြစ်ပါတယ်။ အဲဒီပမာဏက စစ်ကောင်စီ မျှော်မှန်းထားတဲ့ ကုန်သွယ်မှုလျာထားချက်ရဲ့ ၄၂ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ပြည်ပပို့ကုန်မှာ စက်မှုကုန်ချောပစ္စည်း ၄ ဒသမ ၂ ဘီလီယံကျော်၊ လယ်ယာထွက်ကုန်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်၊ ရေထွက်ကုန် ၂၂၇ သန်းကျော်၊ သတ္တုတွင်းထွက်ပစ္စည်း ၁၃၉သန်းကျော်၊ သစ်တောထွက်ကုန်သန်း ၆၀ကျော်၊ တိရစ္ဆာန်ထွက်ကုန် ၁၅ သန်းကျော်နဲ့ အခြားပစ္စည်းများဆိုပြီး ကန်ဒေါ်လာ ၁၆၃ သန်းကျော်  တင်ပို့ထားပါတယ်။ လယ်ယာထွက်ကုန်နဲ့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုကတော့  အရင်နှစ် ကာလတူထက် လျော့ကျနေပါတယ်။

သွင်းကုန်မှာဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်၊ လုပ်ငန်းသုံးကုန်ပစ္စည်း ၂ ဒသမ ၇ ဘီလီယံကျော်၊ လူသုံးကုန်ပစ္စည်း ၁ ဒသမ ၁ ဘီလီယံကျော်နဲ့ CMP ပစ္စည်း ၁ ဘီလီယံကျော် တင်သွင်းမှုရှိခဲ့ပြီး ၊လူသုံးကုန်နဲ့ ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုကတော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူထက် လျော့ကျခဲ့ပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အခု ဘဏ္ဍာနှစ် ၄ လခွဲအတွင်း ပို့ကုန်နဲ့ သွင်းကုန်ကဏ္ဍ နှစ်ခုစလုံးက ကာလတူယမန်နှစ်အခြေအနေနဲ့နှိုင်းယှဉ်ရင် တိုး တက်မှုရှိနေတာတွေ့ရပေမဲ့ စစ်တပ်အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ကုန်သွယ်မှု အခြေအနေနဲ့ နှိုင်းယှဉ်ရင် လျော့နည်းနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေ ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ပြီး၊ စစ်အာဏာရှင်လက်ထက်  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်မှာ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံသာ ရှိခဲ့ပါတယ်။ 

အဲဒီဘဏ္ဍာနှစ် နှစ်ခုကို နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့  ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုဟာ   ပို့ကုန် ၁၅ ရာခိုင်နှုန်းနဲ့ သွင်းကုန် ၂၉ ရာခိုင်နှုန်း လျှော့နည်းကျဆင်းသွားခဲ့ပါတယ်။

လက်ရှိမှာ ပို့ကုန်တင်ပို့မှု လျော့ကျလာတာရဲ့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံထဲကို နိုင်ငံခြား ငွေဝင် ရောက်မှုလည်း လျော့ကျလာပြီး၊ ကျပ်ငွေတန်ဖိုးလည်း ကျဆင်းလာကာ  သွင်းကုန် ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

အခုဘဏ္ဍာနှစ်မှာတော့ စစ်ကောင်စီက ပြည်ပကုန်သွယ်မှုကို  ၂၉.၅ ဘီလီယံ မျှော်မှန်းထားပြီး  ကုန်သွယ်မှုလိုငွေကို လျှော့ချဖို့အတွက် သွင်းကုန်တွေအပေါ် မူဝါဒနဲ့ ကန့်သတ်နေပါတယ်။

ပြည်ပကနေ အဓိကဝယ်ယူသုံးစွဲနေရတဲ့ စက်သုံးဆီ၊ စားသုံးဆီတွေကိုပါ လျှော့ချတင်သွင်းဖို့ လုပ်ဆောင် လာတာကြောင့် လတ်တလောပြည်တွင်းမှာ စက်သုံးဆီနဲ့ စားသုံးဆီဈေးတွေ စံချိန်တင် ဈေးထိုး တက်နေပါတယ်။ စက်သုံးဆီနဲ့ ဆပ်စပ်ပြီး အခြားအထွေထွေကုန်ဈေးနှုန်းတွေကလည်း လိုက်ပါမြင့်တက်နေတာဖြစ်ပါတယ်။

4 months Ago
Up