close

ပြည်ပရောက်မြန်မာများ

close

September 29, 2022

ပြည်ပရောက်မြန်မာများ (သို့မဟုတ်) နိုင်ငံတကာအကူအညီ

လက်ရှိ နွေဦးတော်လှန်ရေးသည် ယခင်သမိုင်းဝင်အဖြစ်အပျက်များနှင့် တူတာတွေလည်း ရှိသလို မတူညီမှုများလည်း တွေ့ရသည်။ ပြည်သူတရပ်လုံး၏ နိုင်ငံရေးအသိရေချိန် မြင့်မားမှု၊ ခိုင်မာကျစ်လျစ်သော စည်းလုံးညီညွတ်မှု၊ နည်းပညာထွန်းကားမှု စသည်တို့ဖြစ်ကြသည်။ ထိုအချက်များမှာ ယနေ့ထက်တိုင် အရှိန်အဟုန်ကောင်းကောင်းနှင့် ဆက်လက်တည်ရှိနေတုန်း ဖြစ်သည်။ ယင်းထူးခြားချက်များအပြင် တခြားသော ထူးခြားချက်တခုလည်း ရှိပေသေးသည်။ ယင်းမှာ တခြားမဟုတ်။ ပြည်ပရောက် မြန်မာပြည်သားများ ဖြစ်​ကြသည်။ (ကရင်၊ ကယား၊ ကချင်၊ ချင်း၊ အစရှိသည့် မြန်မာနိုင်ငံအတွင်း နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုး အားလုံးကို ရည်ညွှန်းပေသည်။)

ပြည်ပရောက်မြန်မာများ

သူတို့မှာ ကိုယ့်တိုင်းပြည်ကို စွန့်ခွာသွားချင်လွန်းလို့မဟုတ်။ အခြေအနေ အကြောင်းကြောင်းကြောင့် စွန့်ခွာသွားခဲ့ကြရသူများ ဖြစ်ကြ၏။ ကျပ်တည်းခက်ခဲလာသည့် စီးပွားရေး မပြေလည်မှုများအတွက် မိမိတို့၏ ရှိသမျှပစ္စည်းများကို ပေါင်နှံရောင်းချကာ ချစ်ရသည့်တိုင်းပြည်ကို စွန့်ခွာလာခဲ့ကြသူတွေ ဖြစ်သည်။

မိမိတို့၏ နိုင်ငံရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အာဏာရှင်တွေ၏ လက်တွင်းသို့ အကျရောက်မခံနိုင်သည့်အဆုံး မလုံခြုံတော့သည့် မိမိတို့ဘဝများအတွက် တိုင်းပြည်ကနေ ထွက်ခွာတိမ်းရှောင်လာကြရသူတွေလည်း ရှိသည်။ မည်သို့ရှိစေ သူတို့မှာ မိမိတို့၏ ဝမ်းရေး၊ လုံခြုံရေးအတွက် မိမိနိုင်ငံကို မရှောင်မလွှဲသာ စွန့်ခွာကာ နိုင်ငံရပ်ခြားသို့ ထွက်ခွာလာကြသူများ ဖြစ်သည်။

‌၂၀၂၁ နွေဦးတော်လှန်ရေး

ယခုအခါမှာတော့ ထိုပြည်ပတွင်ရောက်ရှိ‌နေကြသော မြန်မာများမှာ ၂၀၂၁ မှ အစပြုခဲ့သော နွေဦးတော်လှန်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ်နေပေပြီ။ ပြည်တွင်းရှိ ပြည်သူများလို စစ်အာဏာရှင်တွေရဲ့ အရိပ်မည်းကြီးအောက် ကိုယ်တိုင် ကျရောက်မနေကြသော်လည်း သူတို့ကိုယ်တိုင်မှာလည်း ထိုအာဏာရှင်တို့၏ တိုက်ရိုက်တဖုံ၊ သွယ်ဝိုက်တမျိုး စနက်တို့ကြောင့် တိုင်းပြည်ပြင်ပကို ထွက်ခွာခဲ့ရသည့်အတွက် အာဏာရှင်စနစ်ဆိုလျှင် အလိုလိုရွံမုန်းနေကြပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် အခါအခွင့်သင့်သော ယနေ့အချိန်အခါတွင် တိုင်းပြည်ကို စစ်ကျွန်ဘဝမှ လွတ်မြောက်စေလိုသည့်အတွက် ပြည်ပကနေ တတ်အားသရွေ့ ပါဝင်ကူညီနေကြခြင်း ဖြစ်သည်။ ထိုသို့ ပါဝင်ကူညီမှုများတွင် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းဟု ယေဘုယျ ဆိုရပေမည်။

နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများ

အာဏာသိမ်းပြီး မကြာခင်မှာပင် ပြည်တွင်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများ ကြီးကြီးမားမား ပေါ်ပေါက်လာခဲ့သည်။ ယင်းသို့ ပြည်တွင်း ဆန္ဒပြမှုများနှင့် မရှေးမနှောင်းမှာပင် ပြည်ပနိုင်ငံများတွင်လည်း ပြည်ပရောက်  မြန်မာများ၏ နိုင်ငံရေးလှုပ်ရှားမှုများလည်း ပေါ်ပေါက်လာခဲ့ရာ ယနေ့ထက်တိုင် ဖြစ်သည်။ အမေရိကန်ရောက် မြန်မာများက စစ်အာဏာရှင်စနစ် အလိုမရှိ ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြနေစဥ် တောင်ကိုရီးယား​ရောက် မြန်မာများကလည်း စစ်အာဏာရှင်ကျဆုံးရေး ဆိုသော ဆိုင်းဘုတ်များ ကိုင်​ဆောင်ကာ ကိုရီးယားမြို့ကြီးများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နယ်သာလန်နိုင်ငံ ICJ ကို ရောက်လာသော စစ်ကောင်စီကိုယ်စားလှယ်တွေကို နယ်သာလန်ရောက် မြန်မာတွေ သွားရောက်ဆန္ဒပြကြသလို ဂျပန်ရောက် မြန်မာများကလည်း ဂျပန်အစိုးရအနေနဲ့ တရားမဝင် အကြမ်းဖက်စစ်ကောင်စီနှင့် မဆက်ဆံဖို့ ဂျပန်မြို့ကြီးများတွင် တောင်းဆိုခဲ့ကြသည်။ ယူကေရောက် မြန်မာများက အာဏာသိမ်း တနှစ်ပြည့်အဖြစ် ဆန္ဒပြနေကြစဥ် မလေးရှားရောက် မြန်မာများကလည်း စကစကို အာဆီယံအနေဖြင့် မဆက်ဆံဖို့ တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံများရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့အရေးအတွက် ဆွေးနွေးကြတာမျိုး၊ အိတ်ဖွင့်ပေးစာ ပေးကြတာမျိုး၊ ပြည်သူ့သံအမတ်ကြီးကို ကုလတွင် ဆက်လက်ထားရှိဖို့၊ NUG ကို ပြည်သူ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြဖို့ ဆန္ဒထုတ်ဖော်တာမျိုး၊ MOGE, Chevron, POSCO စသည့်လုပ်ငန်းများကို စစ်ကောင်စီအတွက် အသက်ဆက်မပေးကြဖို့ တောင်းဆိုတာမျိုး စသဖြင့် နိုင်ငံရေး လှုပ်ရှားမှုများကို အမျိုးမျိုး အဖုံဖုံ တတ်စွမ်းသမျှ လုပ်ဆောင်နေကြသည်။

ငွေကြေးထောက်ပံ့ရေး

ထိုသို့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများရှိသလို ငွေကြေးထောက်ပံ့သည့် အပိုင်းတွင်လည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ပထမဦးဆုံးအ‌နေဖြင့် CDM ဝန်ထမ်းများကို ဂုဏ်ပြုကူညီရာတွင်လည်း မိမိတို့၏ လုပ်အားခများဖြင့် ပါဝင်ကူခဲ့ကြသည်။ သည့်နောက် တော်လှန်ရေးအရှိန်မြင့်လာသည့်အခါတွင်လည်း စစ်ရေးလိုအပ်ချက်အရ စစ်အသုံးစရိတ်များအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုများကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။ မိမိတို့ လုပ်အားခများဖြင့် ပါဝင်ကူညီရုံတင်မက မိမိတို့ရောက်ရှိရာ တိုင်းပြည်အသီးသီးတွင် ဈေးရောင်းပွဲတော်များ ကျင်းပခြင်း၊ ဘောလုံးပြိုင်ပွဲများ ကျင်းပခြင်း၊ လေလံပွဲများ ပြုလုပ်ခြင်း စသည့်အစီအစဥ်မျိုးစုံဖြင့် ပြည်တွင်းရှိ တော်လှန်ရေးသမားများအတွက် ကူညီဆောင်ရွက်ပေးနေကြသည်။ အလျဥ်းသင့်သလို ပြုလုပ်သော click to donate မှ အစီအစဥ်များ၊ skywalk၊ NUG မှပြုလုပ်သော EOD၊ Bond စသည်တို့တွင်လည်း ပြည်ပရောက်မြန်မာပြည်သားတို့၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုများကို တွေ့ရှိနိုင်ပေသည်။

အာရှနိုင်ငံများရှိ အခြေခံအလုပ်သမားများ ဆိုလျှင်လည်း မိမိတို့၏ မများလှသော လုပ်အားခများထဲကပင် ဖဲ့၍ နွေဦးတော်လှန်ရေးအတွက် လစဥ်လိုလို ကူညီထောက်ပံ့နေကြသည်။

ပြည်ပမှာ ရောက်နေသော်လည်း မဆိုင်သလို မနေကြ။ ကိုယ့်တိုင်းပြည် လွတ်မြောက်ဖို့အတွက် ရောက်ရာအရပ်မှ တာဝန်ကျေပွန်ကြကြောင်း အထင်းသား တွေ့မြင်နိုင်ပေသည်။

နိုင်ငံတကာအကူအညီ

မြန်မာပြည်တွင် မတရားစစ်အာဏာသိမ်းထားသည်မှာ နှစ်အားဖြင့် ၁ နှစ်ခွဲကျော်လာပြီ။ လအားဖြင့် ၁၉ လရှိပြီး ရက်အားဖြင့် ၅၉၈ ရက် ရှိလာပြီဖြစ်သည်။ ထိုအတောအတွင်း အဲဒီ ရာဇဝတ်ကောင် အာဏာရှင်တွေကြောင့် ပြည်သူတို့၏ ထိခိုက်ပျက်စီးမှုများမှာလည်း အမြောက်အမြား ရှိလာပြီဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံတကာအနေနဲ့ ထိုသို့ အကြမ်းဖက်ခံရမှုများအတွက် ရပ်ကြည့်မနေဖို့၊ ကူညီပေးဖို့ တောင်းဆိုခဲ့ကြလာတာ ကြာလှလေပြီ။ သို့ရာတွင် ဘာမှအရာမထင်။ မည်သည့် နိုင်ငံတကာ အကူအညီမှ မရခဲ့။ အချိန်တွေကြာ သေကျေပျက်စီးမှုတွေသာ ပိုများလာခဲ့သည့်တိုင် မည်သည့်နိုင်ငံတကာ အကူအညီမှ ရောက်မလာခဲ့ပေ။

သို့သော် အားတက်စရာ ဂုဏ်ယူစရာတခုမှာ မိမိတို့ကို အဲဒီ ကုလလို၊ ဒီမိုကရေစီနိုင်ငံတွေလို ဘယ်နိုင်ငံတကာကမှ မကူညီသော်လည်း ဆိုခဲ့သလို ရောက်ရာအရပ်ကနေ တတ်နိုင်သ‌ရွေ့ ပါဝင်ကူညီနေကြသည့် နိုင်ငံတကာရောက် မြန်မာတွေ ရှိနေခြင်းပင်ဖြစ်သည်။ သူတို့မှာ မိမိတို့ မျှော်လင့်ထားသော R2P တွေ၊ UN တွေ မဟုတ်သော်လည်း ကိုယ့်တိုင်းပြည်ကို စစ်ကျွန်လက်အောက်မှ လွတ်မြောက်အောင် တော်လှန်ရာတွင် ထိရောက်စွာ ကူညီပေးနေကြသည့် နိုင်ငံတကာရှိ အင်အားစုတခုပဲ ဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတကာ အကူအညီ‌ တောင်းခဲ့သည့်တိုင် ယနေ့အထိ ဘာအကူအညီမှမရသော ပြည်တွင်းရှိ မြန်မာပြည်သူများအတွက် နိုင်ငံတကာရောက် မြန်မာများသာလျှင် စစ်မှန်သော နိုင်ငံတကာ အကူအညီ ဖြစ်သည်ဟု ဆိုရပေတော့မည်။

နွေဦးဇင်

9 mins Ago

July 12, 2022

ပြည်ပရောက်မြန်မာများ ပတ်စ်ပို့ သက်တမ်းတိုးရန် အခက်ကြုံနေ

မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွေကို သက်တမ်းတိုးပေးနေတယ်လို့ စစ်ကောင်စီသံရုံးတွေက ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ သက်တမ်းတိုးဖို့အဆင်မပြေဘဲ ပြည်ပရောက်မြန်မာတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

ဇူလိုင်လဆန်းမှာ စစ်ကောင်စီလက်အောက်ခံသံရုံးတွေက ပြည်ပရောက်မြန်မာတွေကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းမတိုးပေးဘဲ ကန့်သတ်တာတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဇူလိုင် ၅ ရက်မှာတော့  ဒီသတင်းတွေဟာမှားယွင်းနေကြောင်းနဲ့  စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက  ဝန်ဆောင်မှုတွေပုံမှန်ပေးနေတယ်လို့  သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေဟာ ပတ်စ်ပို့သက်တမ်းကို လွယ်လွယ်တိုးလို့မရဘဲ ငွေကြေးအမြောက်အမြားပေးနေရတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ နာမည်ပေါက်နေသူတွေရဲ့ စာအုပ်တွေကိုလည်း သိမ်းယူတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာတွေက ပြောပါတယ်။

အာဆီယံဒေသတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွေမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ပတ်စ်ပို့စာအုပ်တွေကို သိမ်းယူတာမျိုးပြုလုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သာမန်အလုပ်လုပ်ကိုင်နေသူတွေဟာလည်း  ပွဲစားတွေကနေတဆင့် စာအုပ်သက်တမ်းတိုးနေရပြီး ဘတ်ငွေ ၃၅၀၀ ကနေ ဘတ်ငွေ ၆၀၀၀ (ငွေကျပ် ၃သိန်းကျော်ဝန်းကျင်) ပေးနေရတယ်လို့ ဆိုကြပါတယ်။

ပြည်ပမှာတရားဝင်နေထိုင်ဖို့အခက်အခဲဖြစ်နေသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အကူအညီပေးနိုင်ဖို့ကြိုးစားနေပြီး မိတ်ဖက်နိုင်ငံတွေနဲ့ညှိနှိုင်းဆွေးနွေးနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ 

“ကိုယ့်မြန်မာနိုင်ငံသူနိုင်ငံသား ဒုက္ခရောက်အောင်လို့ အမျိုးမျိုးနှောင့်ယှက်ပြီး ဒုက္ခပေးနေတာ။ စစ်အာဏာရှင်ရူးတွေမရှိမှဘဲ ဒီဒုက္ခက ကင်းဝေးမှာ။ လူတွေစိတ်အနှောင့်အယှက် ဖြစ်အောင် သတင်းအမျိုးမျိုးတွေလွှင့်နေတယ်။ စိတ်ထားမမှန်ကန်စွာနဲ့ Miss Information တွေလုပ်နေတာပေါ့နော်။ သူတို့ရဲ့ဆရာ ရုရှားတွေ Miss Information လုပ်သလို လုပ်နေတာ။ ကျနော်တို့ NUG အစိုးရအနေနဲ့ကတော့ အဲ့လိုမျိုးအခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုကူညီရမလဲဆိုတာ နည်းလမ်းပေါင်းစုံကြည့်ပြီးတော့ လေ့လာနေပါတယ်။ လုပ်ဖို့အစီအစဉ်တွေလည်း ချမှတ်နေပါတယ်။”

ပြည်ပရောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ပါဝင်သူတွေ၊ ငွေကြေးအလှူခံ ထောက်ပံ့နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက စောင့်ကြည့် မှတ်တမ်းတင်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာသက်တမ်းတိုးတဲ့အခါမှာ ကန့်သတ်တာတွေပြုလုပ်နေတယ်ဆိုပြီး ဇူလိုင်လဆန်းမှာ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးရာမှာ ကန့်သတ်ချက်တွေရှိလာပြီး သက်တမ်းတိုးချင်ရင် မြန်မာပြည်ပြန်ပြီး လဝကရုံးမှာ သက်တမ်းပြန်တိုးရမယ့်သဘောမျိုး ဆောင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “မလေးရှားမှာတော့ ပတ်စ်ပို့စာအုပ်သိမ်းသွားတယ်လို့ ကြားတယ်။ ကိုရီးယားမှာတော့ အခုချိန်အထိသိမ်းတာကို မတွေ့မိသေးဘူး။ စာအုပ်သက်တမ်းမတိုးပေးတော့ သက်တမ်းကုန်သွားတယ်ပေါ့ဗျာ။ သက်တမ်းကုန်သွားတော့ စာအုပ်က အသက်မရှိတော့ဘူးပေါ့။ ကိုရီးယားမှာကတော့ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကို ဗီဇာရပြီးသားလူကိုလည်း ဗီဇာထပ်ပေးထားတယ်။ နေထိုင်ခွင့်ပေါ့။ ဗီဇာမရှိတဲ့သူတွေ Over Stay သမားတွေပေါ့။ သူတို့ကိုလည်း ပုံစံတစ်ခုလုပ်ပေးထားတယ် G199 ဆိုတဲ့ ဗီဇာ။ အဲ့ဒီဗီဇာကိုကိုင်ပြီးတော့ မြန်မာပြည်အေးချမ်းသွားတဲ့အချိန်အထိ၊ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန်အထိ နေထိုင်ခွင့်ကို ပေးထားတယ်။ အဲဒါက ၂၀၂၁ ဇူလိုင်လကတည်းက ကိုရီးယားအစိုးရက ပေးထားတာ။” 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံသံရုံးတွေကို မြန်မာတွေက သပိတ်မှောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အခုလိုအငြိုးထားခံရတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူတွေရဲ့တိုက်ပွဲ ပိုပြင်းထန်လာတဲ့လက္ခဏာတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံရောက် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ကျမတို့တိုက်ပွဲ ပိုပြင်းထန်လာတာကို ပြတာပေါ့ဗျာ။ နိုင်ငံခြားမှာ ဗီဇာကိစ္စလေးလောက်ဖြစ်တာ။ ပြည်တွင်းမှာ သတ်ဖြတ်နေတာ နည်းသလားဗျ။ ဒါတွေဟာ ကျမတို့ တိုက်ပွဲပြင်းထန်လာတာကိုပြတာ။ ကျမတို့ ပြည်သူလူထုကလည်း စစ်ကောင်စီကို ဖြုတ်ချဖို့ကလွဲရင် တခြားလမ်းမရှိတော့ဘူးဆိုတာ ပိုပြီးပေါ်ထင်လာအောင်ပြတာပဲ။ သူတို့အဲ့ဒီလို ပရမ်းပတာ ဖြစ်လာလေ သူတို့ရက်တွေနည်းလာလေပေါ့။”

စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံကူးလက်မှတ်တွေကို မြန်မာနိုင်ငံမှာ ပြန်လည်လျှောက်ထားသက်တမ်းတိုးရမယ်ဆိုတာ သတင်းမှားတွေဖြစ်ပြီး သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား ၇ မျိုးအတွက် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

3 months Ago
Up