ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေကို စစ်ကောင်စီထံ လိုင်စင် သက်တမ်းမတိုးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေး ထုတ်ပြန်ထားပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေ အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းလိုင်စင်ကို NUG အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ထားကြဖို့နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ အေဂျင်စီတွေရဲ့ အမည်နဲ့ အချက်အလက်တွေကိုလည်း လုံခြုံရေးအခြေအနေအရ လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် လုပ်ငန်းလိုင်စင်အတွက် မှတ်ပုံတင်လျှောက်ထားလိုသူတွေအနေနဲ့ https://mol.nugmyanmar.org/forms/ ကနေအွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ NUG ကဆိုပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ တစုံတရာ ညွှန်ကြားချက် မထွက်လာသေးဘူးလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။
MOEAF အသင်းသားတဦးဖြစ်တဲ့ လုပ်ငန်းရှင်တဦးက “ဒါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို သဘောထားရှိလဲဆိုတာကို ဥက္ကဋ္ဌ အဆင့်တာဝန်ရှိတဲ့သူတွေကို မေးကြည့်မှပဲ သိရပါမယ်။ ကျနော်တို့ကိုတော့ ဘာမှ မူဝါဒ ချပေးထားတာ လောလော ဆယ်တော့ မရှိသေးဘူး။ ပြီးတော့ အဲ့ဒါနဲ့ ပတ်သတ်ပြီး ဥက္ကဋ္ဌ မှတ်ချက်ပေးတားတာလည်း မရှိသေးပါဘူး။ လက်ရှိမှာတော့ MOEAF ရဲ့စာရင်းတွေအရ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ထားရှိတဲ့ အေဂျင်စီအရေအတွက်က ၃၂၂ ခု ရှိပါတယ်။ အဲ့ ၃၂၂ ခုစလုံးက လက်ရှိမှာတော့ လုပ်ငန်း လည်ပတ်နေပါတယ်။ သက်တမ်းတိုးလည်း ဆောင်ရွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီပိုင်ရှင် တဦးကတော့ “ကျနော်ကတော့ အဲဒီအပေါ်မှာ တစုံတရာ မှတ်ချက် မပေးချင်ဘူး ခင်ဗျ။ ဘာလို့လဲဆို သိတဲ့အတိုင်းပဲ။ အခြေအနေက။ လက်ရှိမှာတော့ နှစ်ဖက်စလုံးကို ဘယ်သူ့ကိုမျှ မှတ်ချက်မပေးချင်ဘူးနော်။ ကျနော်တို့လည်း ဘာမှ မလုပ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုအချိန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံအသုံးပြုပြီး တွန်းလှန်နေတဲ့ ကာလဖြစ်တဲ့ အလျှောက် အလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီတွေအနေနဲ့ ပြည်သူ့ အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ လိုက်နာ ပူးပေါင်းဆောင်ရွက်ကြဖို့ NUG က တိုက်တွန်းထားပါ တယ်။
စစ်ကောင်စီထံမှာ ကုမ္ပဏီ (သို့) အေဂျင်စီ လိုင်စင်အတွက် သက်တမ်းတိုးတာနဲ့အတူ အသစ် လျှောက်ထားခြင်း မပြုကြဖို့၊ အခွန်အခနဲ့ အာမခံကြေး မပေးသွင်းဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိစေရေးနဲ့ နစ်နာဆုံးရှုံးမှု မရှိစေရေးကို ဦးစားပေး စီမံဆောင်ရွက်ကြဖို့ NUG ကတိုက်တွန်းပါတယ်။
ဒါ့အပြင် မိမိတာဝန်ယူ အကျိုးဆောင်တဲ့ အလုပ်သမားတွေမှာ အခွင့်အရေး ချိုးဖောက် ခံရမှုတွေနဲ့ အလုပ်သမားရေးရာ ပြဿနာတွေ ဖြစ်ပေါ်လာပါက အချိန်နဲ့ တပြေးညီလိုက်ပါ ကူညီဖြေရှင်းပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနထံမှာ မိမိတို့လုပ်ငန်း လိုင်စင်တွေကို မှတ်ပုံတင် ပြန်လည်လျှောက်ထားကြဖို့ လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်တွန်းချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီနဲ့ အေဂျင်စီတွေကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက စီမံခန့်ခွဲရေးနည်းလမ်းအရ အမည်ပျက်စာရင်း ထည့်သွင်းကာ ရာသက်ပန် လုပ်ငန်း လိုင်စင်ပိတ်သိမ်းသွားမှာဖြစ်ပြီး အမည်ပျက်စာရင်းဖော်ပြခံရတဲ့ လုပ်ငန်းတွေကိုလည်း အများပြည်သူ သိရှိနိုင်ဖို့ ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။
လတ်တလော NUG အနေနဲ့ အစိုးရဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းတွေနဲ့ ပတ်သက်လို့ အခါအားလျော်စွာ အမည်ပျက်စာရင်း ထုတ်ပြန်နေပေမဲ့ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်း လည်ပတ်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိတဲ့ အချက်အလက်တွေ အရ ပြည်ပအကျိုးဆောင် လိုင်စင် အာမခံကြေးငွေ ကျပ် သိန်း ၂၀၀ ပေးသွင်းခြင်း မရှိတဲ့အတွက် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရတဲ့ အေဂျင်စီ အရေအတွက်က ၂၆ ခု ရှိပါတယ်။
ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အလုပ်သမားအေဂျင်စီတွေကို ကျပ် ၃ သိန်းထက် ပိုမိုကောက်ခံတာမပြုလုပ်ဖို့ စစ်ကောင်စီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာလက်မှတ်ရေးထိုးထားတာဖြစ်ပြီး မြန်မာနိုင်ငံက လုပ်သားအင်အား ၇၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး အဆိုပြုထားခဲ့တာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်း ပိတ်လိုက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြားမှာ လက်ရှိအချိန်ထိ တရားဝင်အလုပ်သမားစေလွှတ်တာမျိုး မရှိနိုင်သေးပါဘူး။
လက်ရှိမှာတော့ ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားစေလွှတ်ဖို့ လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားကာ ထိုင်းဘက်မှာ ကိုဗစ်-၁၉ ရောဂါ ၂ ကြိမ်စစ်ဆေးခ၊ ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ဆေးထိုးနှံခ၊ ကွာရန်တင်းကုန်ကျစရိတ်တွေကို အလုပ်ရှင်ဘက်ကနေ ကျခံရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ လူမှုဖူလုံရေးဉပဒေနဲ့ အကျုံးဝင်တဲ့ အလုပ်သမားတွေကတော့ ကျန်းမာရေးအာမခံ ၄ လစာအပါအဝင် ဘတ် ၅,၃၉၀ ကုန်ကျမှာဖြစ်ပြီး လူမှုဖူလုံရေးဉပဒေနဲ့ အကျုံးမဝင်တဲ့ အိမ်တွင်းအထောက်အကူပြုလုပ်ငန်း၊ ရာသီသီးနှံလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်း၊ ဆားချက်လုပ်ငန်းအလုပ်သမားတွေကတော့ ကျန်းမာရေးအာမခံ ၂ နှစ်စာအပါအဝင် ဘတ် ၇,၆၀၀ ကုန်ကျမှာပါ။
အလုပ်ရှင်ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို အလုပ်သမားဆီကနေ ဖြတ်တောက်တာမျိုးမရှိစေဖို့ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ နောက်ဆက်တွဲအနေနဲ့ ထည့်သွင်းချုပ်ဆိုဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာအလုပ်သမားတွေကို ဘယ်နေ့ဘယ်ရက်ကစတင်ပြီးတော့ MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နိုင်မယ်ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ထိုင်းနိုင်ငံမှာတော့ အရေးပေါ် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်းလိုအပ်ချက်ရှိနေပြီး လုပ်သားအင်အားရှားပါးမှုကြောင့် ရုန်းကန်နေကြရတဲ့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင် အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လိုအပ်နေတာဖြစ်ပြီး ကုမ္ပဏီ အများစုကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားလုပ်သားတွေကို ခေါ်ယူနိုင်ဖို့ အစိုးရဆီမှာ မှတ်ပုံတင်ထားကြတယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်(အက်ဖ်တီအိုင်) က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ အာဏာသိမ်းမှုနဲ့အတူ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် MoU စနစ်နဲ့ မသွားရောက်နိုင်သလို နေ့စဉ်လိုလို တရားမဝင်လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။