အာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီးဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပကိုထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဒီနှစ် ဇူလိုင်လထဲမှာ အမိမြေ ထိုင်းနိုင်ငံ ကို ပြန်လာမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်းက “ကျနော်ထပ်မံခွင့်တောင်းပါတယ်၊ ကျနော့်မိသားစုတွေနဲ့ ခွဲနေရတာ ၁၇ နှစ်နီးပါးရှိပါပြီ၊ ကျနော်လည်း အိုပါပြီ၊ မြေးပြန်ထိန်းဖို့အတွက် အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်၊ ကျနော့်မွေးနေ့မတိုင်ခင် ဇူလိုင်လအတွင်းမှာ ပြန်လာမယ်၊ ခွင့်ပြုပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ မေ ၉ ရက်က ရေးသားထားပါတယ်။
သူပြန်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “ဖွေ့ထိုင်းပါတီကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး၊ တရားဥပဒေ အတိုင်းလိုက်နာမယ်၊ အဲဒီအချိန်ဟာ ပရာယုဒ်ကျန်အိုးချားဝန်ကြီးချုပ်ဖြစ်နေဆဲ ကာလပါ၊ ကျနော်မိသားစုကိုချစ်လို့ မွေးရပ်မြေကိုချစ်လို့ ပြန်လာတာ” လို့လည်း ဆက်လက်ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက ဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချားကို မေးမြန်းရာမှာ သူက အဲဒီပို့စ်မဖတ်ရသေးကြောင်း၊ သူဘယ်လိုအခြေအနေနဲ့ ပြန်လာမယ်ဆိုတာ မသိကြောင်း၊ တရားပဒေအတိုင်းတော့လိုက်နာရမှာပေါ့၊ သူ့အနေနဲ့ တရားရေးဌာနရဲ့ အလုပ်ကို စွက်ဖက်မှာ မဟုတ်ဘူးလို့ ဖြေကြားပါတယ်။
အစိုးရအိမ်တော်ပြောခွင့်ရ နိုင်းဝိနုခေးငမ်းကတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခွင့်ရှိပေမယ့် ပြစ်ဒဏ်ရဲ့ ၃ ပုံ ၂ ပုံကို ခံယူပြီးသူ ဖြစ်ရမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြစ်ဒဏ်ထိခံထားရတဲ့အမှုတွေမှာ ဘန်ကောက်ရာ့ချ်ဒါး နယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ်ဝယ်ယူမှု - ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု - ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄၀၀၀ ချေးငှားမှု - ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု - ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။ အဲဒီထဲက ရာ့ချ်ဒါးမြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။
သူဟာ လာမယ့် ဇူလိုင် ၂၆ ရက်နေ့မှာ အသက် ၇၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
ဟူး… သက်ပြင်းရှည်ဆွဲပြီး ချလိုက်မိသည်။ ကမ်းကို ရောက်တော့မည်။ သူများနိုင်ငံထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရမည်မို့ နည်းနည်းတော့ ထိတ်လန့်နေသည်။
“အစ်ကို လှေနဲ့ကူးရမှာမလား” ကမ်းကူးသမားကိုမေးတော့ …
“ဟိုရောက်တော့ သိရမှာပေါ့။ လှေထက်တော့ကောင်းပါတယ်”
“ဪ ဟုတ် ဟုတ်။ ကျနော်က ကိစ္စမရှိဘူး၊ အမျိုးသမီးက လမ်းလျှောက်ဖို့ အဆင်မပြေလို့ပါ”
ကမ်းကူးသမား ဘာမှပြန်မပြော။ ခပ်သွက်သွက် လျှောက်အပြီးမှာတော့ ကမ်းကိုရောက်ပါပြီ။ ရှေ့က သုတ်သုတ်သွားနေတဲ့ ကမ်းကူးသမားက တုံ့ကနဲရပ်ပြီး နောက်ကိုလှည့်ကာ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး ခဏရပ်ဖို့ ခြေဟန်လက်ဟန်လုပ်ပြကာ တိတ်တိတ်နေဖို့ အမူအရာလုပ်ပြသည်။ ကမ်းစပ်က ဘေးခြုံထဲကိုဝင်သွားကာ ၅ မိနစ်လောက်အကြာ မည်းမည်း ခပ်ဝိုင်းဝိုင်းအရာတခုကို လက်ကဆွဲလာပြီး အနားပြန်ရောက်လာတော့မှ သူ့လက်ထဲတွင် ပါလာသည်ကား ကျနော်တို့ မိဘတွေ အဝတ်လျှော်သည့် ကော်ဇလား ခပ်ကြီးကြီးတလုံး။
“ညီမလေး ဒီပေါ်ဝင်ထိုင်လိုက်”
ထိုရေဇလားကို ရေစပ်ချပြီး ပြောသည်။
“ညီလေးက ရေတော့ကူးတတ်တယ်မလား”
ခေါင်းညိတ်ပြလိုက်ပါသည်။
“ကျောပိုးအိတ်နဲ့ ညီလေးရဲ့ဖုန်းတို့ ရေစိုမခံတဲ့ပစ္စည်းတွေပါ ထည့်လိုက်နော်ညီ။ ညီလေးက ယောက်ျားပဲ၊ အစ်ကိုနဲ့အတူတူ ဒီဟာကို လမ်းလျှောက်ဆွဲကြတာပေါ့”
ရေဇလားကိုကိုင်ထားတဲ့ သူ့လက်ကို မေးဆတ်ပြရင်း ပြောတော့ ကျနော်သိလိုက်ပါပြီ။ လှေတွေထွက်လို့မရတော့ ကော်ဇလားနဲ့ အမျိုးသမီးထိုင်လိုက်စေပြီး ကမ်းကူးသမားနဲ့ ကျနော်က လမ်းလျှောက်ရင်း ဆွဲကြမည်။
ဖြည်းဖြည်းချင်း ရေသံမကြားရအောင် ထိန်းလျှောက်ကြရင်း ရေနက်လာသည်ကို စိုးရိမ်လာသည်။ ကျောက်ခဲတွေကလည်း ဆူးသည်။ ကျနော့်ခါးအထိလည်း ရေမြုပ်ချေပြီ။ ကျနော်စိုးရိမ်သည်ကို ကမ်းကူးသမား သိပုံပေါ်သည်။
“ညီလေး မစိုးရိမ်နဲ့၊ ရေလည်ပင်းရောက်ရင် အစ်ကို့ကိုပါးရိုက်၊ တခုသတိထားရမှာက ရေက ဟိုဘက်ကမ်းမရောက်ခင် နည်းနည်းအစီးသန်တယ်”
အနားကပ်ပြီး တိုးတိုးလေးပြောသည်။
ကျနော် စိတ်သက်သာရာ နည်းနည်းတော့ ရသွားတယ်လို့ ပြောရမည်။ မြန်မာဘက်ခြမ်း KTV တွေ၊ စင်တင်တွေက သီချင်းသံတွေ ဝေး ဝေးပြီး ထိုင်းဘက်ခြမ်းက မီးရောင်လိုလို ဝေ့ကနဲ လှမ်းမြင်လိုက်ရသည်။ မကြာခင် ရောက်တော့မည်။
ရေစီးသန်သန်တွေကို တောင့်ခံဖြတ်ရင်း ဟိုဘက်ကမ်းစပ်ကို ရောက်လာတော့သည်။ ကမ်းကိုကပ်ချေပြီ။ ရွံ့တွေနဲ့ ကမ်းဂမူကို ရောက်လေပြီ။ ကမ်းကူးသမားက ကျနော့်ကို အရင်တက်ခိုင်းသည်။
မီးရောင်ပျပျ လှမ်းမြင်ရသော မြန်မာပြည်ဘက်ခြမ်းကို နောက်ဆုံးအကြိမ် လှမ်းကြည့်အပြီးမှာ မျက်ရည်ဝေ့ချင်လာ၍ ချက်ချင်း မျက်နှာပြန်လွှဲပြီး တက်ဖို့ပြင်ရသည်။ နည်းနည်းမတ်သည်၊ ချောသည်၊ ကိုင်စရာ မြက်ရိုင်းပင်တွေရှိလို့ တော်သေးသည်။ ထိုမှတဆင့် အပေါ်သို့ရောက်သည်။
ပစ္စည်းတွေလှမ်းယူပြီး တနေရာတည်းကို ခဏပုံ၍ အမျိုးသမီးဖြစ်သူကို လှမ်းခေါ်သည်။ အမျိုးသမီးပါ အပေါ်ရောက်လာတော့ ကမ်းကူးသမားက အောက်ကနေ ရေဇလားကို လှမ်းပေးသည်။ ပြီး သူတက်လာသည်။
“ကဲ ညီလေးနဲ့ ညီမလေး ပစ္စည်းတွေစစ်၊ အခုချိန်ကစပြီး အချိန်မရွေး ဖမ်းခံနိုင်တယ်။ ဒီတောကိုဖြတ်ပြီးရင် ရပြီ။ အကြောင်းမရှိဘဲ ဖုန်းမီးမထွန်းနဲ့၊ စကားမပြောပါနဲ့”
အမျိုးသမီးဖြစ်သူ ကျနော့်လက်ကို တင်းတင်းဆုပ်ထားသည်။
ကမ်းစပ်မှ စချီတက်ပါပြီ။ ကျောပိုးအိတ်ကို ကျောမှာလွယ်၊ အမျိုးသမီးလက်ကိုဆွဲ၊ ခြုံတွေကိုဖြတ်ရသည်၊ ကွင်းပြင်ကိုဖြတ်ရသည်။ ဆူးတောနဲ့ကြုံသည်၊ မြက်ရိုင်းတောနဲ့ တွေ့ရသည်။
အမျိုးသမီး မောနေသည်ကို ကျနော်ခံစားရသည်။ အချိန် ၄၅ မိနစ်ခန့် လမ်းလျှောက်ပြီးသော အခါမှာ တောလမ်းကျဥ်းကျဥ်းတခုကို စမြင်ရသည်။ ကမ်းကူးသမားဖြစ်သူက လက်ဟန်ခြေဟန်ဖြင့် ရပ်ရန် အချက်ပြသည်။ တဆက်တည်း ဖုန်းထုတ်ဆက်သည်။ ဖုန်းပြောအပြီးမှာတော့ အမျိုးသမီးလည်း အမောပြေပြီ။ ကမ်းကူးသမားမှာ ရှေ့ဆက်ဖို့ ဟန်ပြင်နေပြီ။
“ကဲ ညီတို့ အချိန်မလင့်ခင် ဆက်သွားရအောင်နော်၊ တောမောင်းပတ်ရင် မလွယ်ဘူး”
ကျနော် ထပြီး အမျိုးသမီးကိုဆွဲထူကာ ကျောပိုးအိတ်ကိုလွယ်၊ မဆုံးသောခရီးကို ဆက်လျှောက်ရန် အားယူချိန်မှာတော့ မြန်မာစံတော်ချိန် ၉:၄၅ ဖြစ်နေပါပြီ။
လမ်းသွက်သွက်လျှောက်ရင်း မိနစ် ၂၀ ခန့်အကြာမှာ ရှေ့တွင် လူတယောက် စောင့်နေသည်ကို မြင်ရသည်။ ကမ်းကူးသမားက…
“ဖိုးခွား လမ်းအခြေအနေဘယ်လိုရှိလဲ”
ဖိုးခွားဆိုသူက…
“အခုရက်ပိုင်းတော့ ရှင်းပါတယ်။ ဆရာနဲ့ ဆရာမတို့ ပါလာပလား”
“အေး ပါတယ်၊ အဲ့ဒါဆို ငါပြန်မယ်”
“ကဲ ညီ အစ်ကို့ကို ****ဘတ်ပေးပါ။ သူက ညီနဲ့ ညီမကို ကားလမ်းအထိ ခေါ်သွားလိမ့်မယ်။ ရှေ့သိပ်မလိုတော့ပါဘူး”
ဖိုးခွားဆိုသူကို မေးဆတ်ပြရင်း ပြောသည်။
ကျနော် သူတောင်းတဲ့ပမာဏကို ခပ်သွက်သွက်ပေးအပြီး သူလည်းလှည့်ပြန်၊ ကျနော်တို့လည်း ဆက်သွားရန် ခြေလှမ်းပြင်ရသည်။
ထိုအခါမှ ဖိုးခွားဆိုသူက ကျနော့်ကို မိတ်ဆက်သည်။
“ဆရာ ကျနော့်ကို ကို**** က လွှတ်လိုက်တာပါ။ အကြောင်းစုံပြောပြလိုက်ပါတယ်။ အခုက ကားလမ်းရောက်ဖို့ သိပ်မလိုတော့ဘူး။ အန္တရာယ်ပိုများတယ်။ ကျနော့်စကား နားထောင်ပေးပါခင်ဗျာ”
ခရီးဆက်ခဲ့ရပြန်သည်။ လရောင်ထိုးတဲ့နေရာတွေမှာ သစ်ပင်တွေနဲ့ ကွယ်ရသည်။ လေးဘက်ထောက် သွားရသည်။ ရှေ့ကလူရပ်လျှင် ရပ်ရသည်။ မိနစ် ၃၀ ခန့်အကြာ ငှက်ပျောတောတခုကို အရောက်မှာတော့ ဖိုးခွားက ရပ်ပြီး…
“ရောက်ပြီဆရာ၊ အကာကွယ်ကောင်းကောင်းမှာ ထိုင်ပေးပါ။ ကျနော် ဖုန်းဆက်အုံးမယ်”
တူ...တူ...တူ...တူ
“ဟလို အစ်ကို ဆရာ****တို့ ရောက်ပြီ။ လာခဲ့တော့ ကားအသွားအလာတော့ရှိတယ် အစ်ကို”
ကားလမ်းမှာ ကားကြီး၊ ကားလေး ဥဒဟို သွားနေကြသည်။ ဖိုးခွားရဲ့ဖုန်းမည်သံကြားလို့ နားလှမ်းစွင့်တော့ …
“ဟလို ဟုတ် ဆိုင်ကယ်မီးရောင်မြင်ရပြီ ထွက်ခဲ့မယ်နော်”
ကျနော်တို့ဘက်လှည့်ကာ ဆရာနဲ့ ဆရာမ သွားရအောင်၊ မြန်မြန်တော့လှုပ်ရှားမယ်နော်၊ ကားတွေမပြတ်လို့”
ခေါင်းညိတ်ပြကာ အမျိုးသမီးလက်ကိုဆွဲထူတော့ တအားအေးစက်ပြီး တင်းတင်းဆုပ်ထားတာကို ခံစားမိသည်။ လှိုက်လှိုက်လှဲလှဲ နာကျင်ရသည်။ ရှေ့ကသူနောက်ကို အပြေးကလေးလိုက်တော့ ကားလမ်းအစပ်အရောက် ရှေ့ကသူက ချက်ချင်းဝပ်ချပြီး…
“ဆရာ ဆရာ ဝပ် ချက်ချင်း”
နှလုံးခုန်တွေပါ မြန်သွားရပြီး ချက်ချင်းဝပ်လိုက်ရသည်။
မြေပြင်နဲ့ ရင်ဘတ်အထိမှာ ကားလမ်းဆီမှာ ကားတစီး အရှိန်နဲ့ဖြတ်မောင်းသွားတာကို တွေ့လိုက်ရသည်။ သူ့နောက်တွင် ဆိုင်ကယ်တစင်း ခပ်မှန်မှန်လိုက်သွားသည်။ ထိုကား ခပ်လှမ်းလှမ်းဆီရောက်မှ ဖိုးခွား ကုန်းထလာပြီး ကျနော်တို့ဘက်လှည့်ကာ…
“တော်သေးတာပေါ့ဆရာ ရာ၊ အဲ့ဒါ တောမောင်းကားပဲ၊ မိလိုက်လို့ကတော့ မလွယ်ဘူး”
ကျနော်လည်း ထ ခန္ဓာကိုယ်ကို လက်နဲ့ခါပြီး အမျိုးသမီးအား ဆွဲထူရသည်။ သူအတော်မောနေသည်။ စောစောက ကားအနောက်က ဖြည်းဖြည်းမောင်းသွားသည့် ဆိုင်ကယ် ပြန်ကွေ့လာသည်ကို မြင်လိုက်ရသည်။
ကျနော် ပြန်ဝပ်ဖို့ပြင်တာကို တွေ့တော့ ဖိုးခွားက…
“နေ နေ ဆရာ၊ အဲ့ဒါ ဆရာတို့ကို လာခေါ်တာ”
ထိုမှသာ ရင်ထဲကအလုံးကျပြီး သက်ပြင်းပူပူကို မှုတ်ထုတ်လိုက်ရတော့သည်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီး တောခိုခဲ့သည်။ ထိုမှတဆင့် နိုင်ငံသားအဖြစ် ရပ်စဲခံရပြီး မျက်ကွယ်သေဒဏ် အထုတ်ခံရသည်။ အမျိုးသမီးမှာ စစ်အတွင်း ဖြတ်သန်းမှုဒဏ်နဲ့ ကျန်းမာရေးမကောင်းတော့ပါ။ မပြီးဆုံးသော တော်လှန်ရေးတာဝန်တွေအတွက် ဆက်လက်ကြိုးစားရန် ပြည်ပြေးဖြစ်ခဲ့ရလေပြီ။
ဟူး.........
အတွေးတို့ကိုဖြတ်ကာ ရှေ့ဆက်ဖို့ အားယူရသည်။
ဂနိုက်