close

ပြည်မြို့နယ်

close

December 13, 2022

ပြည်မြို့နယ် အန်အယ်လ်ဒီအမတ် ဦးကျော်ဇေယျ ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံထားရ

ပဲခူးတိုင်း၊ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျကို စစ်ကောင်စီဩဇာခံ ပြည်ထောင်တွင်းတရားရုံးက   ဒီဇင်ဘာ ၁၂ ရက်မှာ  အမှု ၄ မှုအတွက်  ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ ပြည်မြို့နယ်တရားရုံးကနေ သိရပါတယ်။

ဦးကျော်ဇေယျကို စစ်ကောင်စီက အရင်ကတည်းက ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ထောင် ၃ နှစ်၊ အကြမ်းဖက်မှုနဲ့  ၇ နှစ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချထားပြီး မနေ့ကတော့ ကျန်တဲ့  သဘာ၀ဘေးအန္တရာယ်ပုဒ်မနဲ့ ထောင်ဒဏ်   ၂ နှစ်၊ ယစ်မျိုးဥပဒေနဲ့ ထောင်ဒစ်  ၁ နှစ်၊  ပုဒ်မ(၅၀၅) နှစ်မှုအတွက်ထောင်ဒဏ် ၉ နှစ်ထပ်ချလိုက်ကာ စစ်ကောင်စီက မတရားချမှတ်ထားတဲ့ စုစုပေါင်းထောင်ဒဏ် ၁၉ နှစ်အထိရှိသွားပြီလို့ သူနဲ့ နီးစပ်တဲ့ ပြည်မြို့ခံက ပြောပါတယ်။

လွှတ်တော်အမတ် ဦးကျော်ဇေယျကို စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီက အကြိမ်ကြိမ် ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လွတ်မြောက်နယ်မြေတွေမှာ မိသားစုနဲ့အတူ တိမ်းရှောင်နေခဲ့ပါတယ်။ သူ့ကိုဖမ်းမမိလို့ စစ်ကောင်စီက သူငှားနေတဲ့အိမ်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

တိမ်းရှောင်နေစဉ် ဇွန် ၉ ရက်က  ကျန်းမာရေးမကောင်းတာကြောင့် ရန်ကုန်မြို့ကို ဆေးကုဖို့ ခေတ္တရောက်နေချိန်မှာ စစ်ကောင်စီ ဒလန်တချို့ရဲ့ သတင်းပေးမှုနဲ့ ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကို ရောက်ခဲ့ပြီး အဲဒီကမှ ပြည်(ဒကစ)ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ ဒီနောက် ပြည်အကျဉ်းထောင်ကို ပြောင်းရွေ့ခဲ့ပြီး ပြည်ထောင်တွင်း ပြစ်ဒဏ်တိုက်ထဲမှာ သီးခြားအကျဉ်းကျခံနေရာက ရုံးထုတ်စစ်ဆေးပြီး အခုလို နှစ်ရှည် ထောင်ဒဏ် အမိန့်ချလိုက်တာလို့ မိသားစုထံက သိရပါတယ်။

8 mins Ago

June 1, 2022

ဖေ့စ်ဘွတ်ခ်ပို့စ်Share မှုဖြင့် ပေါင်းတလည်မြို့နေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှာနေတဲ့ မမိုးချမ်းမြေ့ခင်အမည်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက်ကို စစ်ကောင်စီက သူနေထိုင်ရာ အိမ်ကနေ မေလ ၂၈ ရက်က လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။  

မမိုးချမ်းမြေ့ခင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပို့စ်တခု Share မှုနဲ့  စစ်ကောင်စီက စွပ်စွဲပြီး  ပေါင်းတလည်ရဲစခန်းမှာ ဖမ်းဆီးထားကာ လတ်တလော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။

မိန်းကလေးရဲ့ မိဘတွေနဲ့နီးစပ်တဲ့ပေါင်းတလည်မြို့ခံတယောက်က “သူ့မိဘတွေက သာမန် ပြည်သူတွေဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ကြပါဘူး၊ ဆန္ဒပြပွဲတွေလည်း တခါမှ မပါဘူးပါဘူး။ သူ့ကိုဖမ်းသွားတာ အခုဆိုရင် ၃ ရက်ရှိပြီ။ လာဖမ်းတာက ရဲတွေ၊ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အသက်ကအခုမှ ၁၄ နှစ်လောက်ပဲရှိဦးမယ်။ တကယ်ကျောင်း ဆက်တိုက်တက်ရမယ်ဆိုရင်အခုက ၈ တန်းပေါ့။ ကလေးမလေးကတော့ ဘာကို Share မိလိုက်ပြီး ဘယ်သူက သတင်းပေးလိုက်လို့လည်း မသိ အခုတော့ ပေါင်းတလည်ရဲစခန်းမှာ ဖမ်းထားတယ်” လို့ ပြောပါတယ်။  

ဖမ်းဆီးခံနေရတဲ့ မိန်းကလေးပြန်လည်လွတ်မြောက်လာဖို့အတွက် ပေါင်းတလည်ရဲတပ်ဖွဲ့က ငွေကျပ်သိန်း ၆၀ တောင်းနေတယ်လို့လည်း သူ့မိဘရဲ့ မိတ်ဆွေဖြစ်သူက  ဆက်ပြီးပြောပါတယ်။ 

“သိန်း ၆၀ ပေးရင် ပြန်လွတ်ပေးမယ်လည်းပြောတယ်။ မနက်ဖန်ကို ပြည်ထောင်ကို ပိုမယ်လို့လည်း ပြောနေတော့ သူ့မိဘတွေ ဘာကိုယုံကြည်ရမှန်းမသိဘူး။ တတ်နိုင်ကြတာတော့မဟုတ်ဘူး။ ကိုယ့်သမီးက အပျိုပေါက်လေးဆိုတော့ တကယ်လွတ်မယ်ဆိုရင် မရှိရှိတာရှာရမှာပေါ့ တတ်နိုင်သူတွေတော့မဟုတ်ကြပါဘူး။ သားသမီးဇောဆိုတော့လည်း ဝိုင်းပြီး အကြံတောင်း အကူအညီတောင်းနေလို့၊ တကယ်ငွေပေးပြီးမှ လွှတ်မပေးရင် ဘယ်နှဲ့ လုပ်မလဲ။ ဘယ်သူ့ကိုမှလည်း တိုင်လို့ရတာမဟုတ်ဘူး၊ ရဲကပြောတာတော့ စစ်ကောင်စီကိုပေးရမှာလို့ပြောတာပဲ။”

ငွေကျပ်သိန်း ၆၀ တောင်းနေခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပေါင်းတလည်ရဲတပ်ဖွဲ့ထံကို ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်ကောင်စီတပ်တွေက ကျောင်းသားလူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်ပြန်လွှတ်ပေးတဲ့ ဖြစ်ရပ်တွေ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်ကလည်း  ပေါင်းတလည်မြို့မှာနေတဲ့ အသက်မပြည့်သေးတဲ့ လပြည့်ဆိုတဲ့ လူငယ်တယောက်ကို စစ်ကောင်စီက အခုလိုပဲ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တခု share လိုက်တာကြောင့် ဖမ်းစီးထားပြီး  ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ လူမှုကွန်ရက်တွေပေါ်မှာ ပြည်သူလူလူတွေတင်တဲ့  ပို့စ်တွေကို စောင့်ကြည့်နေပြီး NUG ၊ PDF နဲ့ ပတ်သက်တဲ့ ပို့စ်တွေကို Share တာ မှတ်ချက်ရေးတာ၊ Like ပေးတာတွေလုပ်တဲ့  အကောင့်ပိုင်ရှင်တွေကို နေ့စဉ်လိုလို  လိုက်လံရှာဖွေ ဖမ်းဆီး အမှုဖွင့်နေတာ ဖြစ်ပါတယ်။ 

6 months Ago
Up