close

ပြည်မြို့

close

May 10, 2023

ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ ၆ မြို့ ပါဝင်

ကမ္ဘာအပူဆုံးမြို့များစာရင်းမှာ မြန်မာနိုင်ငံမှ မြို့ ၆ မြို့ ပါဝင်ကြောင်း နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များဖော်ပြတဲ့ El Dorado Weather က ထုတ်ပြန်ထားပါတယ်။

El Dorado Weatherက ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ကို နေ့စဉ် ထုတ်ပြန်ပေးနေပြီး မေ ၉ ရက်နေ့ တိုင်းတာချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့၊ တောင်ငူမြို့နဲ့ ပြည်မြို့တို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ချောက်မြို့ဟာ အပူချိန် ၄၅ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နဲ့ ကမ္ဘာ့အဆင့် ဒုတိယ၊ မကွေးမြို့က ၄၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၆၊ မင်းဘူးမြို့က ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၉၊ ညောင်ဦးမြို့က အပူချိန် ၄၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၀၊ တောင်ငူမြို့က ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၁ နဲ့ ပြည်မြို့က ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၁၅ နေရာမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရာသီဥတုပူပြင်းတာကြောင့် မြန်မာနိုင်ငံအတွင်း အသက် ၄၀ ကျော်ကနေ ၇၀ ကျော်အတွင်း အနည်းဆုံး ၁၀ ယောက် ရုတ်တရက် သေဆုံးခဲ့ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ရာသီအပူရှိန်ကြောင့် အိမ်မွေးမြူရေး ကြက်၊ ဘဲတွေနဲ့ စိုက်ပျိုးရေးရာသီ အသီးအနှံပင်တွေ သေဆုံးထိခိုက်ပျက်စီးတာတွေအပြင် အသီးထွက်နှုန်းပါ ကျဆင်းသွားသလို ရေတွင်းရေကန်ခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်တာတွေ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

“ဒီနှစ်က အရင်နှစ်တွေထက်ပိုပူပြင်းတယ်။ ဒီဘက်နယ်မှာက စိုက်ပျိုးရေးလုက်ငန်းကို လုပ်ရတာ အခုအပူဒဏ်ကြောင့် အသီးအနှံပင်တွေ ထိခိုက်ပျက်စီးတယ်၊ အသီးတွေပါ မတင်ဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဆီနီဂေါနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ပါကစ္စတန်၊ နိုက်ဂျာနှင့် ချဒ်နိုင်ငံတို့မှ မြို့တွေလည်း ကမ္ဘာအပူဆုံးစာရင်းမှာ  ပါဝင်တယ်လို့ El Dorado Weather က ထုတ်ပြန်ထားပါတယ်။

8 mins Ago

May 8, 2023

ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသား ၁ ဦး ထပ်မံ သေဆုံး

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့၊ ခုတင် ၅၀၀ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသားတဦး မတ်လ ၇ ရက် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းနဲ့ မိသားစုဝင်တွေထံက သိရပါတယ်။

သေဆုံးသူမှာ လည်ချောင်းကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး ဆေးရုံမှာ ဆေးကုသဖို့ ရက်ပြည့်လို့ လာရောက်စဉ် ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

မိသားစုဝင်တဦးက “ဆေးခန်းပြဖို့ ရက်ချိန်းပြည့်လို့ ဆေးရုံကြီးသွားတာ ကင်ဆာအထူးကု ဆရာဝန်ကြီးက ဆေးစစ်ချက်အကုန်ယူရမယ်ဆိုပြီး စစ်ဆေးချက်ယူမှ ကိုဗစ်ပိုးပါ တွေ့ခဲ့တာပါ” လို့ ပြောပါတယ်။

သေဆုံးခဲ့သူမှာ ကိုမင်းအောင် အသက် (၃၆ နှစ်) ဖြစ်ပြီး ဆေးစစ်ပြီးနောက် ကိုဗစ်ရောဂါပိုး အထူးစောင့်ကြည့်ကြပ်မတ်ဆောင် အရောက်မှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။

သင်္ကြန်ပွဲတော်ကာလနောက်ပိုင်း ပြည်တွင်းမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း (Arcturus) ရောဂါပိုး ပြန့်ပွားခဲ့ပြီး မတ်လ ၅ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန စစ်ဆေးချက်အရ ရောဂါပိုး ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ မြန်အောင်မြို့က အဘွားတဦး မတ်လ ၂ ရက်နေ့က သေဆုံးခဲ့ပြီး အခု နောက်ထပ်တဦး ထပ်မံသေဆုံးခဲ့တာပါ။

သေဆုံးရုပ်အလောင်းကို ပြည်မြို့ ခေတ္တရာလူငယ် နာရေးကူညီမှုအသင်းက အေးငြိမ်းရာသုသာန်မှာ နေ့ချင်းပြီး မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

2 days Ago
Up