close

ပြည်ဝင်ခွင့်မပေးမှု

close

June 3, 2022

ကမ္ဘောဒီးယား တော်ဝင်မင်းသမီးအား ပြည်ဝင်ခွင့်မပေးခဲ့သည့် ထိုင်းတာဝန်ရှိသူများကို အရေးယူရန် တိုင်ကြား

ကမ္ဘောဒီးယာနိုင်ငံက တော်ဝင်မင်းသမီး ကိုဆိုမာ့ဒေဝီ နရိုဒွမ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အခမ်းအနားတခုကိုတက်ဖို့ လာရောက်ရာမှာ ထိုင်းနယ်စပ်အာဏာပိုင်တွေက သူဟာ မင်းသမီးအစစ် မဟုတ်ကြောင်း ပြောဆိုထုတ်ပြန်ခဲ့တာကြောင့် မင်းသမီး အမျက်တော်ရှပြီး ထိုင်းတာဝန်ရှိသူတွေကို အရေးယူဖို့ တိုင်ကြားလိုက်ပါတယ်။

မင်းသမီးဟာ ပြီးခဲ့တဲ့ မတ် ၁၈ နဲ့ ၁၉ ရက်မှာ နိုင်ငံတကာအမျိုးသမီးများဆိုင်ရာ အခမ်းအနားကို လာရောက်အားပေးဖို့ ဖိတ်ကြားခံခဲ့ရကြောင်း၊ ပွဲစီစဉ်သူတွေကလည်း သက်ဆိုင်ရာကို အကြောင်းကြားထားပြီးပြီပြောလို့ မတ် ၁၇ ရက်မှာ တော်ဝင်အဆောင်အယောင်နဲ့ ထိုင်းနိုင်ငံကို လာရောက်ဖို့ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ ဆူရင်းခရိုင် နယ်စပ်တာဝန်ရှိသူတွေက သူဟာ မင်းသမီးအစစ် မဟုတ်ဘူးလို့ ပြောဆိုပြီး တော်ဝင်အနေနဲ့မဟုတ်ဘဲ သာမန်အရပ်သူအနေနဲ့သာ ဝင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မင်းသမီးဟာ အမျက်တော်ရှပြီး အခမ်းအနားကို လာမတက်တော့ဘဲ ရှက်ရွံ့စိတ်နဲ့ နေမကောင်းတဲ့ထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့ကတော့ မင်းသမီးဟာ ဆွေတော်မျိုးတော်၊ ဥပဒေကျွမ်းကျင်သူတွေနဲ့အတူ ဘန်ကောက် ရာဇဝတ်နှိမ်နင်းရေး ရဲဌာနချုပ်ကို ရောက်ရှိလာပြီး ကမ္ဘောဒီးယားအနွယ်တော်ကို သိက္ခာကျဆင်းအောင်၊ အရှက်ရအောင် လုပ်ဆောင်ခဲ့တဲ့ ထိုင်းတာဝန်ရှိသူတွေကို စစ်ဆေးပြီး အသေရေဖျက်မှုနဲ့ အရေးယူပေးဖို့၊ မင်းသမီးယောင်ဆောင်ပြီး လျှောက်သွားနေသူကို စုံစမ်းဖမ်းဆီး အရေးယူပေးဖို့ တိုင်ကြားခဲ့သလို သတင်းကိုချဲ့ကားရေးသားခဲ့တဲ့ မီဒီယာတွေပါ ပြန်ပြီး တောင်းပန်ဖို့ သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီမတိုင်ခင်ရှေ့ကတော့ ထိုင်းမှာ သူ့ကိုယ်သူ ကမ္ဘောဒီးယားမင်းသမီး ကိုဆိုမာ့ဒေဝီ နရိုဒွမ် ခေါ် ကမလောမင်းသမီးလို့ ပြောဆိုပြီး ထိုင်းနိုင်ငံမှာ လျှောက်သွားနေတဲ့ အမျိုးသမီးတယောက် ရှိခဲ့ပါတယ်။

ဒါကြောင့် မင်းသမီးအစစ်က ဘန်ကောက်အခမ်းအနားကို လာမယ့်အချိန်မှာ ဆူရင်းခရိုင် အုပ်ချုပ်ရေးရုံးကနေပြီး ဖနွမ်းပင်ရှိ ထိုင်းသံရုံးမှ စိစစ်ချက်အရ ကမ္ဘောဒီးယားမင်းသမီးထဲမှာ ကိုဆိုမာ့ဒေဝီ နရိုဒွမ်ဆိုတဲ့အမည် မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။

မင်းသမီးနဲ့အတူလိုက်ပါလာတဲ့ ဥပဒေကျွမ်းကျင်သူကလည်း အခုလာတိုင်တဲ့သူဟာ မင်းသမီးအစစ် ဖြစ်ကြောင်းကို ကမ္ဘောဒီးယားတော်ဝင်တံဆိပ်၊ အထောက်အထားတွေနဲ့အတူ သက်သေပြခဲ့ပါတယ်။ မင်းသမီးအတုလို့ သတင်းထွက်နေသူနဲ့ အစစ်ဟာလည်း ရုပ်ချင်းမဆင်တူကြောင်း၊ ထိုင်းတာဝန်ရှိသူတွေအနေနဲ့ သေချာလေ့လာစစ်ဆေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား- Daily News

1 min Ago
Up