close

ပြည်သူတစ်ဦး

close

February 17, 2022

ယင်းမာပင်တိုက်ပွဲ၌ စစ်​ကောင်စီတပ်က ထိခိုက်ကျဆုံးသူများနိုင်၊ ပြည်သူတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်​ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး ​လေ​ကြောင်းပစ်ကူ​ပေးခဲ့ရသလို ​ဒေသခံပြည်သူ ၁ ဦးနဲ့ အိမ်​မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဖေ​ဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်း​လောက်မှာ ဆည်​​မြောင်း လက်တံအမှတ် (၅) က​နေ တက်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို PDF ပူး​ပေါင်းအဖွဲ့​တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်​ကောင်စီတပ်သား ၁၅ ​ယောက်​ခန့်သေဆုံးပြီး ၃၀ အထက် ဒဏ်ရာရရှိခဲ့ကာ  ၁၅ ​ယောက်လောက်က ဒဏ်ရာပြင်းထန်တယ်လို့ PDF ​ခေါင်း​ဆောင် ဆရာစံက ​ပြောပါတယ်။

“ကျ​နော်တို့အဖွဲ့က သူတို့(စစ်​ကောင်စီတပ်ဖွဲ့) နား​နေတဲ့ မန်ကျည်းပင်အနီးသွား​ရောက်ကာ ဂန်းအစစ် ၁၀ လက်အပါအဝင် တူမီး၊ ခွန်ထိုးများနဲ့ စပစ်ပြီး လက်ပစ်ဗုံးနဲ့ လှမ်းပစ်လိုက်တာ၊ သူတို့နဲ့ ကျ​နော်တို့အဖွဲ့နဲ့ လယ်တစ်ကွက်ခြားမှာရှိပြီး ​လက်ပစ်တစ်ပစ်ကို မှီတယ်၊ သူတို့ပြန်မ​ထောင်နိုင်တဲ့ အ​ခြေ​နေအ​ရောက်မှာ ​လေယာဥ်က ​ရောက်ချ​လာ​တော့ ကျ​နော်တို့အဖွဲ့လည်း ​နောက်ဆုတ်လာခဲ့တာ။” 

တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ PDF ရဲ​ဘော် တစ်ဦးက "သူတို့(စစ်​ကောင်စီ)အဖွဲ့တွေ ပိတ်မိ​နေတဲ့အချိန် ​လေယာဥ်က လာ​ရောက်ကယ်တင်ပစ်ကူ​ပေးပြီး စား​​တော်ပြင်ရွာဘက်ကို သူ့လူ​​​တွေသွားနိုင်​အောင် လုပ်သွားတာ၊ ​လေယာဥ်နဲ့ကြတော့ ကျ​နော်တို့က ဘယ်လိုမှ အဆင်မ​ပြေ​တော့ဘူး" လို့ ​ပြောပါတယ်။

ဖေ​ဖော်ဝါရီ ၁၆ ရက် ညပိုင်းကလည်း စား​တော်ပြင်​ကျေးရွာအတွင်းမှာ စစ်​ကောင်စီတပ်ဖွဲ့ရှိ​နေဦးမယ်လို့ ယူဆပြီး PDF အဖွဲ့က ဝင်​ရောက် စီးနင်းတိုက်ခိုက်ခဲ့​ပေမယ့် စစ်​ကောင်စီတပ်က ညတွင်းချင်း င​မောင်း​ကျေးရွာဘက်ကို ​ထွက်သွားကြတယ်လို့ သိရ​ကြောင်း၊ စစ်​ကောင်စီတပ်ဟာ ​ဒေသခံပြည်သူ​ ၁ ဦးကို လက်ပြန်ကြိုးတုပ် နှိပ်စက်ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားသလို ပြည်သူ​တွေ​ မွေးမြူထားတဲ့ သိုး၊ ဆိတ်၊ ကြက် ​​တွေကိုပါ သတ်ဖြတ်သွားကာ ဆိုင်ကယ် ၉ စီးကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ယင်းမာပင်မြို့နယ်မှာ ဖေ​ဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းကလည်း စစ်ရဟတ်ယာဥ်​တွေ ပျံဝဲ​နေတာကြောင့် ကျဆုံးတပ်သား​တွေ လာ​ရောက်သယ်​ဆောင်တာ (သို့မဟုတ်) အင်အားလာဖြည့်တာဖြစ်နိုင်တဲ့အတွက် စစ်​ရေးအ​ခြေ​နေ တင်းမာလာနိုင်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ယင်းမာပင်မြို့နယ် တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

3 mins Ago
Up