မြန်မာနိုင်ငံရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေဟာ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ပြီးတော့ မြေယာတွေကို တရားမဝင် ရယူခဲ့ကြောင်း ANI သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ သူ့ရဲ့ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) နဲ့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီလိမိတက် (SEAOP) နဲ့ အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီလိမိတက်(SEAGP) တို့ကနေတဆင့် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း (MCOGP) အမည်ရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလီယံခွဲတန် စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။
၇၉၃ ကီလိုမီတာရှိတဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ စတင်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ မြန်မာနိုင်ငံအရှေ့မြောက်ဘက်က နမ့်ခမ်းမြို့မှာ အဆုံးသတ်ပါတယ်။
မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) ရဲ့ သုတေသနတွေ့ရှိချက်အရ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အကြီးစား နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်သုဉ်းစေပြီး မြန်မာ့တောင်သူလယ်သမားတွေရဲ့ ဘဝနဲ့ စားဝတ်နေရေးအပေါ် လူမှုရေးအရ ကြီးမားသော သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
MCPWC ဟာ ကျေးရွာပေါင်း ၁၀၀ မှာ ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ပြီး မြေယာအသုံးပြုမှု၊ အဂတိလိုက်စားမှု၊ လယ်ယာမြေပျက်စီးမှုနဲ့ မြေယာလျော်ကြေးကိစ္စရပ်တွေကို အသေးစိတ် ရှင်းလင်းတင်ပြထားတဲ့ အစီရင်ခံစာတစ်စောင်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်းမှာ မြန်မာအစိုးရဆီကနေ ပိုက်လိုင်းလမ်းကြောင်းအတွက် မြေယာများကို နှစ်ရှည်မြေငှားစာချုပ်ဖြင့် ငှားရမ်းခွင့် ရှိပြီး မြန်မာနိုင်ငံသား တောင်သူလယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေဖြစ်နေရင် အဲ့ဒီအချိန်က သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနကသာ လယ်သမားတွေဆီကမြေကို သိမ်းယူပိုင်ခွင့်ရှိတဲ့ တခုတည်းသော အစိုးရအဖွဲ့အစည်း ဖြစ်ပါတယ်။
ဥပဒေအရ အဲဒီလယ်ယာမြေတွေကို တခြားမြေသို့ ခေါင်းစဉ်ပြောင်းပြီးမှသာ ဝန်ကြီးဌာနနဲ့ ပရောဂျက်အော်ပရေတာ CNPC-SEAP ကုမ္ပဏီတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နည်းဥပဒေနဲ့အညီ မြေငှားစာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပါတယ်။
ဒီအဆင့်တွေကို အကောင်အထည်မဖော်ဘဲနဲ့ MOEE က CNPC-SEAP ကို မြန်မာ တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်သဘောတူခွင့်ပြုခဲ့ပြီး ကုမ္ပဏီဟာ လျော်ကြေးငွေတွေမှာ သူတို့ရဲ့ငွေတွေကို ရင်းနှီးမြုပ်နှံကြောင်းနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးရာမှာလည်း MOGE ကိုယ်စားဆိုတဲ့ စကားလုံးကို အသုံးပြုကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် စီမံကိန်းဟာ လယ်ယာမြေဥပဒေနဲ့အညီ တရားဝင် ပြောင်းလဲခြင်းမပြုဘဲ မြေပြင်မှာ အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို အမှန်တကယ် ချိုးဖောက်ခြင်းဖြစ်ကြောင်း MCPWC က စာတမ်းမှာ ဖော်ပြထားပါတယ်။
CNPC ဟာ ပိုက်လိုင်းကြားမှာ မြေဆီလွှာတိုက်စားခြင်းကြောင့် ရေအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကို ဖြစ်စေတဲ့ ဆောက်လုပ်ရေးနောက်ပိုင်း လိုအပ်ချက်တွေကိုလည်း တာဝန်မယူခဲ့ကြောင်းလည်း အစီရင်ခံစာမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မြန်မာအနောက်ဘက်နယ်စပ်မှ တရုတ်နယ်စပ်အထိ အကျယ် မီတာ ၃၀ ရှိတဲ့ မြေကို တရုတ်ကုမ္ပဏီက သိမ်းယူခဲ့တာကြောင့် မြန်မာနိုင်ငံဟာ နှစ်ပိုင်းကွဲသွားပြီး မြန်မာ့လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုကား-ANINews