ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှာ မီးခိုးမြူမှုန်တွေ အုံ့ဆိုင်းနေတာ ၁ လကျော်ခဲ့ပြီ ဖြစ်တာကြောင့် ပြည်သူတွေက သည်းမခံနိုင်တော့ဘဲ ဆန္ဒပြခဲ့ကြသလို အဓိကတာဝန်ရှိတဲ့ ဝန်ကြီးချုပ် ပရာယုဒ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တရားစွဲဆိုလိုက်ပါတယ်။
မြန်မာနယ်စပ် ချင်းရိုင်းမြို့မှာဆိုရင် ဧပြီလ ၁၀ ရက်က ရဟန်းသံဃာ ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်နဲ့ လူငယ်အဖွဲ့အစည်း၊ NGO အဖွဲ့အစည်း ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါတဲ့ လူပေါင်း ၂၀၀ လောက်ဟာ ချင်းရိုင်းမြို့ ဖော့ခွန်မန်းဂရိုင်း ဘုရင်ရုပ်ထုရှေ့ ပြည်သူ့ရင်ပြင်မှာ စုဝေးပြီး ခရိုင်ဝန်ကို PM 2.5 မီးခိုးမြူပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။
မီးခိုးမြူတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုစီးပွါးရေးထိခိုက်မှုတွေ တင်ပြပြီး ချင်းရိုင်းခရိုင်ဝန်အနေနဲ့ မီးခိုးမြူမှုန်တွေရဲ့ပြဿနာကို ရေတို ၊ ရေရှည်ဘယ်လိုဖြေရှင်းနေတယ်ဆို တာကို ပြည်သူတွေကို ပွင့်လင်းမြင်သာချပြဖို့ ၊ ဒီပြဿနာဟာ ထိုင်းနိုင်ငံတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပတ်သက်တာကြောင့် ဒေသတွင်းအဆင့်အနေနဲ့ ဖြေရှင်းဖို့၊ ကုန်သည်တွေအနေနဲ့ တဘက်နိုင်ငံက တောင်ယာမီးရှို့ပြီး စိုက်ပျိုးလို့ရလာတဲ့ ထွက်ကုန်သီးနှံ တွေကို ဝယ်ယူအားပေးခြင်းမလုပ်ဖို့၊ သဘာဝဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေ အတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ ရေးသားထားတဲ့စာကို ခရိုင်ဝန်ဆီပေးပို့ခဲ့ပါတယ်။
ခရိုင်ဝန်ကိုယ်စား လက်ထောက်ခရိုင်ဝန်က တောင်းဆိုစာကို လာရောက်လက်ခံကာ မီးခိုး မြူပြဿနာကိုဖြေရှင်းနေကြောင်း၊ ရေတို ရေရှည်စီမံကိန်းလည်းရှိပါကြောင်း၊ လောလောဆယ် တောမီးရှို့တာနဲ့ ပတ်သက်သူ ၁၈ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း၊ မီးခိုးမြူ ပပျောက်ရေးအတွက် ရေတိုအနေနဲ့ တစ်ပတ်အတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမယ့်ကြောင်း ပြောကြားသွားပါတယ်။
ဧပြီ ၁၀ ရက် တနေ့တည်းမှာဘဲ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း မီးခိုးမြူပပျော က်ရေး ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။
ချင်းမိုင်ပြည်သူ့အဖွဲ့၊ ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ဌာနနဲ့ ဥပဒေဌာနမှ ဆရာနဲ့ ကျောင်း သူကျောင်းသားတွေ၊ ချင်းမိုင်လေထုသန့်ရှင်းရေးအဖွဲ့ဝင်တွေပါတဲ့ လူ ၁၀၀ လောက်ဟာ ခရိုင်ဝန်ရုံးမှာ လာရောက်စုဝေးဆန္ဒပြပြီး မီးခိုးမြူကြောင့် ပြည်သူတွေခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေ တင်ပြကာ ပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနှစ် ဇန်နဝါရီလကစ ဧပြီလဆန်းပိုင်းထိ မီးခိုးမြူကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားသူ ၂ သန်းကျော်ရှိကြောင်း၊ အဲဒီထဲက အများဆုံးမှာ ထိုင်းမြောက်ပိုင်းဒေသကဖြစ်ကြောင်း၊ မီးခိုးမြူကြောင့် အဆုတ်ယောင်၊ အဆုတ်ကင်ဆာရောဂါ၊ နှလုံးရောဂါတွေဖြစ်ပွါးနိုင်ကြောင်း ဆန္ဒပြသူတွေကဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မီးခိုးမြူပြဿနာကို လွန်ခဲ့တဲ့ ၄ - ၅ နှစ်ကတည်းက ဖြေရှင်းမယ်လို့ ပြောခဲ့ပေမဲ့ ဒီကနေ့ထိ ဘာမှမထူးခြားတဲ့အပြင်ပိုဆိုးလာတယ်၊ ဝန်ကြီးချုပ်အနေနဲ့ မိမိလုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာအသုံးချပြီး ပြတ်သားစွာ မဖြေရှင်းခဲ့ဘူး၊ ဒါကြောင့် ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား နဲ့တကွ ထိုင်းနိုင်ငံသဘာဝဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ မြေယာစီမံခန့်ခွဲရေးဌာနနဲ့ မြေယာရင်းနှီးမြှုပ်နှံမှုကော်မတီက တာဝန်ရှိသူတွေကို တရားစွဲကြောင်း ချင်းမိုင်ခရိုင်ဝန်ရုံးရှိ တရားရေးဌာနမှာ ဦးတည်လျှောက်ထားခဲ့ပါတယ်။
အဆိုပါတရားစွဲဆိုမှုကိုတော့ တရားရေးဌာနက လက်ခံ/မခံဆိုတာကို တပတ်အတွင်း အကြောင်းပြန်မယ်လို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်းဒေသ ခရိုင်တွေမှာ PM 2.5 မြူမှုန်သိပ်သည်းမှုဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းထက် နှစ်ဆကျော်မြင့်မားနေတာ သီတင်းတစ်ပတ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အတိုင်းအတာအထိ ဆိုးရွားလာတာကြောင့် ဒေသခံတွေအနေနဲ့ မျက်နှာဖုံး၊ နှာခေါင်းစည်းတွေ အချိန်ပြည့် ဝတ်ဆင်ထားရပါတယ်။ ဒါဟာ ဒေသတွင်းနဲ့ ဒေသအနှံ့အပြားမှာ ရာသီအလိုက် တောင်ယာမီးရှို့မှုတွေကြောင့် အခုလို လေထုညစ်ညမ်းနေတာပါ။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေအပါအဝင် မြို့နေထိုင်သူတွေအနေနဲ့ အပြင်ထွက် လှုပ်ရှားသွားလာတာမျိုးကို ရှောင်ကြဉ်သင့်ပြီး မဖြစ်မနေ သွားလာရတဲ့အခါမှာလည်း လေထုအမှုန် အမွှား စစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းမျိုးကို ဝတ်ဆင်သင့်တယ်လို့ ထိုင်းဆေးဘက်ဆိုင်ရာဌာနက တိုက်တွန်းထားပါတယ်။
ချင်းမိုင်မြို့ကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ နာမည်ကြီး ဒွိုင်ဆူထပ်တောင်ပေါ်မှာ လိမ္မော်ရည်ရောင်းချသူ ဆူနတ်အင်ဆာအိုကတော့ ဒီလို လေထုညစ်ညမ်းမှုကြောင့် သူရဲ့ စီပွားရေးအပေါ် ထိခိုက်စေတယ်လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“တကယ်လို့ လေထုအရည်အသွေးက ဒီအတိုင်းဆက်ဖြစ် နေဦးမယ်ဆိုရင် မြို့ရှုခင်းကို မမြင်ရတော့တဲ့အတွက် တောင်ပေါ်ကို ဘယ်သူမှလာလည်တော့မှာ မဟုတ်ဘူးလို့။”
ချင်းမိုင်မြို့ဟာ ကမ္ဘာ့ပေါ်က လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့ကြီး ၃ မြို့ထဲမှာ ပါဝင်နေပြီး လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၁၇၄ အထိ ရှိနေပါတယ်။
ဒီအတိုင်းအတာဟာ ကမ္ဘာ့ကျန်းမားရေးအဖွဲ့(WHO)က အကြုံပြုထားတဲ့ ကန့်သတ်ချက်ထက် အဆ ၂၀ နီးပါး လေထုညစ်ညမ်းနေတာဖြစ်ကြောင်းလည်း သိရပါတယ်။
အမေရိကန်မှာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကို အသိအမှတ်ပြုထားတဲ့ ၁၉၇၃ ခုနှစ် Roe v. Wade အထင်ကရ စီရင်ချက်ကို တရားရုံးက ဖျက်သိမ်းကာ ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် ဇွန် ၂၄ ရက်က တရားရုံးချုပ်ရှေ့မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။
အမေရိကန်မှာ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို သိသိသာသာ ပြောင်းလဲသွားစေမယ့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့ကြပြီး ဝါရှင်တန်ဒီစီအပြင် ရာနဲ့ချီတဲ့ မြို့တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီစီရင်ချက်ဟာ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားတဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် ပြန်ရရှိလာမှာဖြစ်ပြီး ပြည်နယ် ၂၆ ခုမှာ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။
အခုခါ အမေရိကရဲ့နေရာအနှံ့အပြားမှာ မလိုလားတဲ့ ကိုယ်ဝန်တွေ လွယ်ထားရတဲ့ အမျိုးသမီး တွေဟာ လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်း ဆက်ရှိနေသေးတဲ့ တခြားပြည်နယ်တစ်ခုကို ခရီးသွားရခြင်း၊ ကိုယ်ဝန်ဖျက်ချဆေးတွေကို အွန်လိုင်းမှာ ဝယ်ယူခြင်း သို့မဟုတ် အန္တရာယ်ရှိနိုင် တဲ့ တရားမဝင် ကိုယ်ဝန် ဖျက်ချရခြင်းတွေကို ရွေးချယ်ရမှုတွေ ကြုံရနိုင်လာပြီလို့ ရိုက်တာမှာ ရေးထားပါတယ်။
ကိုယ်ဝန်ဖျက်ချတာကို တားမြစ်ဖို့ ပြည်နယ်တွေကို အခွင့်အာဏာ ပေးလိုက်တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကြားမှာ ပိုသာလွန်အောင် လုပ်လိုက်တာပဲ လို့ ဒီမိုကရက်တစ် သမ္မတက ပြောကြားခဲ့ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ်ကို ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုဖို့ ဘိုင်ဒန်က တိုက်တွန်းခဲ့ပြီး ဒါဟာ ပါတီကွဲတဲ့ကိစ္စ မဟုတ်ဘူး လို့ ဆိုပါတယ်။
ဘိုင်ဒန်က သူ့အစိုးရဟာ သန္ဓေတားဆေးနဲ့ ကိုယ်ဝန်ဖျက်ချဆေးတွေ အပါအဝင် အမေရိကန် အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲမှုအဖွဲ့မှ အတည်ပြုထားတဲ့ ဆေးဝါးတွေကို အမျိုးသမီးတွေ သုံးစွဲနိုင်ခွင့်ကို အကာအကွယ်ပေးသွားမှာဖြစ်ပြီး အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချဖို့အတွက် တခြားပြည်နယ်တွေဆီ ခရီးသွားနေခြင်းကို တားမြစ်တဲ့ ကြိုးပမ်းမှုတွေကို တိုက်ဖျက် နေကြောင်းလည်း ဘိုင်ဒန် က ပြောပါတယ်။
Walt Disney Co၊ AT&T နဲ့ Meta Platforms Inc တို့ အပါအဝင် အမေရိကန်ကုမ္ပဏီတွေဟာ ကိုယ်ဝန်ဖျက်ချခြင်းအတွက် ခရီးသွားရတဲ့ သူတို့၀န်ထမ်းတွေရဲ့အသုံးစရိတ်တွေကို ပေးသွားမယ် လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ မတိုင်ခင်သုံးနှစ်အတွင်း အမေရိကန် ကိုယ်ဝန်ဖျက်ချမှု အရေအတွက်ဟာ ၈ ရာခိုင်နှုန်းတိုးလာကြောင်း ကိုယ်ဝန်ဖျက်ချခွင့်ကို ပံ့ပိုးပေးတဲ့ Guttmacher Institute က ဇွန် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။