ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို ဒီးကျေးအုပ်စု၊ ဒေါငံခါးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို မဟာမိတ်ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က နှစ်ယောက် သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တယောက် ကျဆုံးသွားတယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ဒေါငံခါးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီးမောဆို -DMO Local PDF နဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ ပူးပေါင်းပြီး ကင်းထောက်လှမ်းနေစဉ် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးကာ ဒီးမော့ဆို -DMO Local PDF တပ်ရင်း K မှ အသက် ၄၅ နှစ်အရွယ် ရဲဘော် ဦးအေရစ် ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ဦးအေရစ်ရဲ့ ဈာပနအခမ်းအနားကို ဩဂုတ် ၂၄ ရက်မနက်က ကျင်းပရာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ဖွဲ့နဲ့ ဒေသခံပြည်သူလူထုတွေ သွားရောက်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီလောက်လည်း ဒေါငံခါးကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက PDF တွေ ထောင်ထားတဲ့ မိုင်း ၁၈ လုံးအနက် မိုင်း ၃ လုံးနင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။