မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သုခရပ်ကွက်က ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ မေ ၁၀ ရက် မနက် ၂ နာရီက တိုက်ခိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
အောင်သုခရပ်ကွက်နေ အမျိုးသမီးတဦးက “လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားရတယ်။ သေနတ်တွေလည်း ဆက်တိုက်ပစ်သံတွေ ကြားရတာ။ အဲ့ဘုန်းကြီးကျောင်း အဆောင်ထဲမှာ သူတို့ စစ်သားတွေရှိတယ်။ ပစ်သံတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုရင် ရင်တောင်တုန်တယ်၊ ဘယ်မှကို မသွားနိုင်ဘူး” လို့ ပြောပါတယ်။
ဓမ္မရက္ခိတဘုန်းကြီးကျောင်း အဆောင်ထဲက စစ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နှစ်နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုန်းကြီးနှစ်ပါးနေတဲ့ အဆောင် ထိမှန်ပျက်စီးခဲ့သလို အနီးအနား နေအိမ်တွေလည်း ထိမှန်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “လက်နက်ကြီးကျည်တွေက အနီးနား အိမ်တွေပေါ် လာကျတယ်။ အေးစေတီရပ်ကွက်က အိမ်ဆို ခေါင်မိုးပွင့်ပြီး အိပ်နေတဲ့ကလေး လည်ပင်းနား ထိသွားတာ။ ကလေးဆို သနားပါတယ်။ မနက်မှ ဆေးရုံပို့ရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်တဲ့ မိန်းကလေးဟာ အသက် ၁၀ နှစ်ဝန်းကျင်ဖြစ်ပြီး အခုလက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းအတွင်းက စစ်သားတွေကို ဘယ်အဖွဲ့က ပစ်ခတ်တယ် ဆိုတာကို မသိရသေးသလို နှစ်ဖက်ထိခိုက်တဲ့ အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးဘဲ ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရောင်ခြည်ဦးအဆောင်ထဲကို အင်အားသုံး ဝင်ရောက်ရှာဖွေခဲ့ပြီး မြို့တွင်း အစစ်အဆေး တင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၉၉ က အရာရှိနဲ့ တခြားအဆင့်တပ်သား စုစုပေါင်း ၁၁ ယောက်ကို ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေက တပ်ထဲကို ဝင်ရောက်ဖမ်းဆီးပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတယောက်ကိုတော့ လမ်းမှာ ပစ်သတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မုန်းမြို့ဒေသခံတယောက်က“မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ PDF က စစ်ကားတစီးနဲ့ ၅၉၉ တပ်က တပ်ရင်းမှူးကို ဝင်ဖမ်းသွားတာ။ တယောက်ကိုတော့ သာစည်ရွာထိပ်မှာ သတ်ပြီး ထားခဲ့တယ်။ အဲ့ဒီတပ်သားက ကားသမားလို့ ပြောတယ်။ ထွက်ပြေးလို့ ပစ်သတ်လိုက်တာတဲ့။ ပါသွားတဲ့အထဲမှာ တချို့ကတော့ ဒုရင်းမှူးလို့လည်း ပြောကြတယ်။ အဲ့ဒီ နှစ်ယောက်ထဲက တယောက်ပါသွားတာတော့ ကြိမ်းသေပဲ။ အခု မုန်းမှာ လမ်းပိတ်ထားတယ်။ ဖုန်းတွေလည်း ဆက်မရတော့ဘူး။ ဖုန်းလိုင်းတွေပါ ဖြတ်ထားတယ်။ ကော့ပြင်းရွာတို့၊ ရေအိုးစဥ်ရွာတို့ဆို ဘယ်သူမှ မနေရဲကြတော့ဘူး၊ အကုန်ထွက်ပြေးနေကြပြီ။ မုန်းမှာလည်း လူသိပ်မရှိကြတော့ဘူး။ သူတို့က မဲပြီး ပြည်သူတွေဘက်ကို လှည့်မှာ”လို့ပြောပါတယ်။
အဲဒီကိစ္စကို ဒေသခံ ပဲခူးတိုင်းအခြေစိုက် PDF အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားသမားကတော့ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ပြောပါတယ်။
ဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က “အခုဖမ်းခေါ်လာတာက ဒုရင်းမှူးနဲ့အဖွဲ့လို့တော့ သိထားကြပါတယ်။ သူတို့ကတော့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။ ကျနော်တို့က နီးတော့ သိနေတာပါ။ ထပ်ပြီးသိရတာရှိရင်လည်း ပြောပါ့မယ်” လို့ အတည်ပြုပါတယ်။
ခမရ ၅၉၉ တပ်ဟာ မုန်းမြို့အရှေ့ဘက် ရေအိုးစဥ်ရွာအနီးမှာရှိပြီး မုန်းမြို့နဲ့ ပတ်ဝန်းကျင်ကရွာတွေကို မကြာခန ဝင်ရောက်ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ရွာတွေမှာ မနေရဲကြဘဲ စစ်ဘေးရှောင်နေရပါတယ်။
အခုလို တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ မေလ ၄ ရက် ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတဦး သေဆုံးကာ သေနတ် ၁ လက်ပါ သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။
ချောင်းဗျဲကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာမှာ ည ၈ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အဲ့စခန်းက လူသိပ်မရှိဘူး၊ အစောင့်သဘောမျိုးလောက်ပဲ နေတာ။ သစ်၊ မီးသွေး စက်လှေတွေကို ငွေကောက်တဲ့ဂိတ်စခန်းပုံစံမျိုး၊ ညကတော့ ဝင်ပစ်သွားတာ၊ အဲ့စခန်းက တပ်ကြပ်ကြီးသေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးဟာ မအူပင်မြို့ အခြေစိုက် ခလရ ၂၇ က တပ်ကြပ်ကြီး အေးမြင့် ဖြစ်ပြီး ဘိုကလေးမြို့မှာ လာရောက်စခန်းထိုင်နေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ရောက်လာပြီး ကျေးရွာတဝိုက် ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂိတ်ကင်းစခန်းကို ပစ်ခတ်တာဟာ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Irrawaddy Black Shark UG အဖွဲ့တို့ ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။