မေ ၁၂ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မနေ့က တရက်တည်းမှာ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ မန္တလေးတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ သကျက်တော နယ်မြေရဲစခန်းကို မေ ၅ ရက် ည ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရပြီး မနက်ပိုင်းမှာတော့ ရေလမ်းကြောင်းကနေ စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါး စစ်ကူရောက်ရှိလာကာ ကျေးရွာအတွင်း အမျိုးသားတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
သကျက်တော ရွာခံတဦးက “စပစ်တာက ၉ နာရီခွဲကျော်လောက်မှာ၊ ဗုံးတွေပေါက်လို့ အိမ်ပါ တုန်သွားတယ်။ ရဲတွေ အကျအဆုံးရှိလောက်တယ်၊ မနက်ကတော့ စစ်ကူတွေ ရောက်လာပြီး အမျိုးသားတွေကို ဖမ်းသွားတယ်၊ တချို့တော့ ပြန်လွတ်လာပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ ယောက်လောက်ရှိတဲ့ အဆိုပါရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နယ်မြေခံ ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော် ကြာမြင့်ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဇန်နဝါရီ ၃၁ ရက်ကလည်း သကျက်တောရဲစခန်း စခန်းမှူးနဲ့ ရဲတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။