close

ပြည်သူ့ကိုယ်စားလှယ်

close

November 8, 2021

၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုဆဲဟု SNLD ပါတီပြော

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အားလုံးကို  ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနေဆဲပဲလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD ပါတီက ဒီဗွီဘီကို ပြောပါတယ်။ 

 SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က “ ပြည်သူတွေ တာဝန်ကျေစွာ ဆန္ဒပြုခဲ့တဲ့မဲရလဒ်ကို ဥပဒေမဲ့ ဖျက်သိမ်းလိုက်တဲ့အတွက် လူထုရဲ့ယုံကြည်ကိုးစားမှုကို သူတို့လက်လွှတ်ဆုံးရှုံးရမှာပါ။ အတိတ်က မှားခဲ့ဖူးတာကို သင်ခန်းစာ မယူတဲ့အပြင် ထပ်ပြီးတော့ ကျူးလွန်တယ်ဆိုတာမျိုးက ပြည်သူတွေအဖို့ ခွင့်လွှတ်သည်းခံစရာ ကျန်ပါဦးမလားလို့ မေးခွန်းထုတ်ရမလိုပါပဲ။ ကျနော်တို့ကတော့ အရွေးချယ်ခံကိုယ်စားလှယ်တွေကို ကနေ့အထိ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနေဆဲပါပဲ။” လို့ ပြောပါတယ်။

အာဏာသိမ်း  စစ်ကောင်စီကတော့   ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်းကြေညာထားပြီး ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ သစ်ကျင်းပမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ရွေးကောက်ပွဲက ဘယ်နေမှန်းမသိသေးတော့ သဘောထားပေးဖို့ ခက်ပါတယ်။ တစ်ခုပဲ ပြောစရာရှိပါတယ်၊ လူထုဆန္ဒမပါတဲ့ ရွေးကောက်ပွဲတို့၊ နိုင်ငံရေးအပြောင်းအလဲတို့ဆိုတာ အောင်မြင်လေ့ မရှိပါဘူး။ တိုင်းပြည်နဲ့ အနာဂတ်မျိုးဆက်တွေ နစ်နာတာပဲ အဖတ်တင်တတ်တာမျိုးပါ”လို့  ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။

ဒီရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း    ၄၂ နေရာနဲ့  ပါတီတွေထဲမှာ တတိယ နေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။ 

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

8 mins Ago

August 15, 2020

နိုင်ငံခြားသားလွှမ်းမိုးခြင်းမခံရသူကို ပြည်သူ့ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရန် ကာချုပ်တိုက်တွန်း 

ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ    ပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခြင်းမခံရသူအပါအဝင် အချက်  ၆ ချက်နဲ့ ပြည့်စုံသူတွေကို  ရွေးချယ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းလိုက်ပါတယ်။ ဩဂုတ် ၁၄ ရက်က နေပြည်တော်မှာ နိုင်ငံရေးပါတီ ၃၄ ပါတီကခေါင်းဆောင်တွေနဲ့ မိတ်ဆက်တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးပါတီတွေကို တိုက်တွန်း ပြောသွားတာပါ။ “ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံနှင့်ဒေသကို လက်တွေ့ အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း များကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူနှင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန်ရွေးချယ်ကြစေလိုတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။  ဒါ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ ပြည်သူ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်တင်မြှောက်ခြင်းဟာ အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းတွေသာမက  ကိုယ်စားလှယ်ကောင်းတွေကို ရွေးချယ်တင်မြှောက် ကြရမယ်လို့ လည်းပြောပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေမှာ နိုင်ငံရေးပါတီတွေအားလုံး  ပူးပေါင်းဆောင်ရွက်ကြဖို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တယ်လို့လည်း  တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူး ဦးပိုက်ထွေးက ဒီဗွီဘီကို ပြောပါတယ်။ “တပ်မတော်ဘက်ကတော့ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေတယ်။န နိုင်ငံရေးပါတီများသည် ပါတီနိုင်ငံရေး ကိုဆောင်ရွက်နေတယ်။ အဲ့ဒီတော့ ဒီနှစ်ခု စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ဖို့နဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပေါ့၊ နောက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားလုံးက ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြဖို့ ဒါလေးတွေကိုပဲ အဓိကထားပြီးတော့ ပြောသွားတာပါ” လို့ ဦးပိုက်ထွေးက ပြောပါတယ်။ နိုင်ငံရေးပါတီတွေအားလုံး  ပူးပေါင်းဆောင်ရွက်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားမှုနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်က စိတ်ရင်းစေတနာရင်းနဲ့ ပြောတာဆိုရင်တော့ အားလုံးအတွက်ကောင်းမွန်တဲ့ သဘောထားဖြစ်တယ်လို့ မှတ်ချက် ပြုပါတယ်။ တွေ့ဆုံမှုအတွင်းမှာ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို နိုင်ငံဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုတွေမှာ ပါတီတွေက ပူးပေါင်းပါဝင်ပေးဖို့ ကိစ္စတွေလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲတက်တဲ့ တိုင်းရင်းသားပါတီတွေဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ “သူတို့တွေကတော့ ငြိမ်းချမ်းရေးကိစ္စတို့ နောက် ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ကိစ္စတို့ နောက်မျှတမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ရေးပေါ့ ဒါတွေပဲ ဆွေးနွေးပါတယ် ” လို့လည်း ဦးပိုက်ထွေးက ပြောပါတယ်။ တွေ့ဆုံမှုကို ဦးစီးဦးဆောင်ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ အခုတွေ့ဆုံမှုအတွင်းမှာ ဝင်ရောက်ဆွေးနွေးခြင်းမရှိခဲ့ဘဲ နိုင်ငံရေးပါတီတွေကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်းတို့က ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နိုင်ငံရေးပါတီတွေဘက်က စာရေးတောင်းဆိုခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အခုမှတွေ့ဆုံနိုင်ခဲ့တာဖြစ်ပါတယ်။  ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေက အများစုပါဝင်ပါတယ်။ အာဏာရပါတီ အန်အယ်လ်ဒီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ SNLD ပါတီနဲ့  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ အပါအဝင် တခြား နိုင်ငံရေးပါတီတွေကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
Up