မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်က ကျေးရွာပေါင်း ၉၀ ကျော်မှာ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ KG ကနေ အထက်တန်းအဆင့်ထိ ဖွင့်လှစ်သင်ကြားနိုင်ပြီလို့ PDF-ထီးလင်း (YRPA) က ပြောပါတယ်။
PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က “ထီးလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၉၄ ရွာမှာ NUG အစိုးရရဲ့ ပညာရေးအစီအစဥ် စတင်နေပြီး မေလကစလို့ ဘာသာစုံ အတန်းစုံ စတင်သင်ကြားပေးနေပြီ။ ထီးလင်းမြို့ပေါ်ကလွဲရင် ကျေးရွာအားလုံး ကျောင်းတွေဖွင့်လှစ်နိုင်ပြီး ပုံမှန်လည်ပတ်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လိုအပ်တဲ့ ဆရာ ဆရာမတွေကိုလည်း CDM ပညာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး ဆယ်တန်းအောင်၊ ဘွဲ့ရလူငယ်တွေကို ဗော်လန်တီယာ ခေါ်ယူကာ သင်တန်း ၃ ကြိမ်ပို့ချခဲ့ပြီး အခုတကြိမ် ပို့ချတာနဲ့ဆိုရင် ၄ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။
လိုအပ်တဲ့ ကျောင်းသုံးစာအုပ်တွေဝယ်ယူဖို့ အခက်အခဲဖြစ်ပေမဲ့ လမ်းကြောင်းတွေရှာပြီး ဝယ်ယူကာ လိုအပ်တဲ့အတန်းတွေကို မျှဝေပေးရကြောင်း၊ လပတ်စာမေးပွဲတွေကိုလည်း သြဂုတ်လမှာတကြိမ်၊ အောက်တိုဘာလမှာတကြိမ် ဖြေဆိုရမှာဖြစ်ပြီး နောက်ဆုံးမှာ အတန်းတင်စာမေးပွဲ ကျင်းပပေးမယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တချို့ကျောင်းတွေကတော့ NUG အစိုးရရဲ့ တရားဝင်ကျောင်းဖြစ်ဖို့ အွန်လိုင်းပေါ်ကနေ ဖောင်တွေဖြည့်ထားပေမဲ့ တချို့နေရာတွေမှာတော့ အင်တာနက်လိုင်း မရတာကြောင့် NUG ရဲ့ တရားဝင်ကျောင်းဖြစ်အောင် ကြိုးစားနေဆဲပဲလို့ ဆိုပါတယ်။
ဗိုလ်သူလင်းကျော်က “ကျောင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အခမဲ့ သင်ကြားပေးပေမဲ့ ဆရာ ဆရာမတွေအတွက်တော့၊ စေတနာ့ဝန်ထမ်းရော CDM ဝန်ထမ်းတွေရဲ့ လစာအတွက်တော့ အခက်အခဲရှိတာပေါ့။ ရွာကထောက်ပံ့ငွေကလည်း ဘယ်လောက်မှ မရကြဘူး။ အခမဲ့ သင်ကြားရတော့ လက်ရှိမှာတော့ နည်းနည်းခက်ခဲမှာပေါ့။ ကျန်တာတွေကတော့ အကုန်အဆင်ပြေပါတယ်။ ပညာရေးစနစ် အရှိန်ဟုန်ရနေပြီး အတန်းတင်ပေးဖို့အထိ ကြိုးစားနေကြတယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်ထဲမှာလည်း ကျောင်းသား ကျောင်းသူ ၈,၀၀ဝ ကျော်ကို ဆရာ ဆရာမ ၁,၀၀၀ ကျော်နဲ့ မူလတန်းကနေ အလယ်တန်းအဆင့်ထိ ပြည်သူ့ပညာရေးအစီအစဥ်နဲ့ ပညာသင်ကြားပေးနေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။
တချို့နေရာတွေမှာတော့ အထက်တန်းအထိ ဖွင့်လှစ်သင်ကြားပေးနေပေမဲ့ ဆရာ ဆရာမ အခက်အခဲတွေကြောင့် ကျောင်းတိုင်းမဖွင့်လှစ်နိုင်သေးဘဲ ဖြစ်နေတာပါ။
NUG ပညာရေးဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ ဆရာလက်ကိုင်စာအုပ်တွေ၊ သင်ကြားရေး ဗွီဒီယိုဖိုင်တွေကိုလည်း ကျေးရွာတွေအထိ ဖြန့်ဝေပေးထားပြီး အထက်တန်းကျောင်းသားတွေအနေနဲ့ ဆရာ ဆရာမနဲ့ မသင်နိုင်ရင်တောင် MOE က ထုတ်ပေးထားတဲ့ ဗွီဒီယိုဖိုင်တွေကို လေ့လာသင်ကြားနိုင်အောင်တော့ စီစဥ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ဒေါက်တာကြည်စိုးထွန်းက “စာသင်ကျောင်းတွေအတွက်ကတော့ လုံခြုံရေး အပြည့်အဝ မပေးနိုင်သေးဘူး။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာရင် သတင်းနဲ့ ကင်းကို အဓိကထားပြီး ဆောင်ရွက်ရပါတယ်။ ကိုယ့်ကျေးရွာနားကို စစ်ကြောင်းလာတယ်ကြားရင် ကျောင်းပိတ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းကြရပြီး စစ်ကြောင်းမရှိတော့မှ ပြန်လည်သင်ကြားကြရတယ်” လို့ ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဆရာ ဆရာတွေနဲ့ ရပ်ရွာလူထု အကူအညီနဲ့ KG ကနေ Grade 11 အထိ ပညာသင်နှစ်တနှစ်ပြီးဆုံးလို့ ပထမဆုံး ပြည်သူ့အခြေပြု ကျောင်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဇူလိုင် ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားနေရပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ပြည်သူ့ပညာရေးအစီစဥ်နဲ့ ကျောင်းသား/ ကျောင်းသူ ၄၀၀ လောက်ကို ပညာသင်ကြားပေးနေတယ်လို့ ရေစကြိုအခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ရေကြိုမြို့နယ်မှာ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ အဖွဲ့ဝင် ကျေးရွာ ၅ ရွာရှိတဲ့ အနက် ကျေးရွာ ၄ ရွာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ လုံခြုံရေးအစီအမံနဲ့ ပြည်သူ့ပညာရေးအစီစဥ်ပြုလုပ်ပြီး ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးနေတာ အခုဆိုရင် တစ်လပြည့်ပြီးလို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေခဲက ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူ့ပညာရေးအစီစဥ်နဲ့ စာသင်ပေးတဲ့အထဲမှာ CDM ဆရာမတွေ၊ ဘွဲ့ရပြီးသားလူငယ်တွေနဲ့ တက္ကသိုလ်ဝင်တန်းအောင်လူငယ် ဆရာ၊ ဆရာမ ၅၀ လောက်က ကျောင်းသားကျောင်းသူ ၄၀၀ လောက်ကို ပညာသင်ကြားပေးနေတာလို့ ဆိုပါတယ်။
တချို့ရွာတွေမှာတော့ KG တန်းကနေ စတုထ္ထတန်းအထိ သင်ကြားပေးပြီး ဆရာ၊ ဆရာမ အင်အားများတဲ့ ရွာတွေမှာတော့ အလယ်တန်းအဆင့်ထိ သင်ကြားပေးနေတယ်လို့ ပြောပါတယ်။
ဒီအစီအစဥ်ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိတာရယ်၊ ကလေးတွေ ဗလငါးတန် အပြည့်နဲ့ စာသင်ကြားနိုင်အောင်စီရတာလို့ ဆိုပါတယ်။
လုံခြုံရေးပိုင်းကတွေ ကျေးရွာ ကာကွယ်ရေးလူငယ်တွေ အလှည့်ကျစနစ်နဲ့ တာဝန်ယူပေးထားတယ်။
“ကလေးတွေက စာနဲ့ဝေးနေတော့ တစ်ချို့ကလေးတွေဆိုရင် ABCD ကို မရေးတတ်ကြတော့ဘူးဗျ။ သင်ထောက်ကူ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့လည်း အလှူရှင်တွေလိုအပ်နေတယ်” လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တော်လှန်ရေးနဲ့ ပတ်သက်ပြီးလည်း မကြာခင် အောင်ပွဲရတော့မှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“ကျနော်တို့ အောင်ပွဲရဖို့က တော်လှန်ရေးတပ်သားတွေတင် တော်လှန်နေရုံနဲ့မရပါဘူး။ ပြည်သူတွေလည်း ပါဝင်ပေးဖို့လိုပါတယ်ဗျ။ လက်နက်ကိုင်မှ တော်လှန်ရေး မဟုတ်ပါဘူးဗျ။ အာဏာရှင်ရဲ့ စနစ်မှန်သမျှ ဆန့်ကျင်မှုဟာလည်း တော်လှန်ရေးဖြစ်ပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေ အဖွဲ့အစည်းတွေ အနေနဲ့လည်း နှုတ်လုံဖို့လိုပါတယ်ဗျ။ နိုင်ငံရေးနဲ့ တော်လှန်ရေးကို ခွဲခြားပြီး နားလည်စေလိုပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီ အာဏာစသိမ်းပြီးကတည်းက မြန်မာနိုင်ငံအနှံ့ သပိတ်စစ်ကြောင်းတွေမှာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြနေကြသလို မြို့နယ်တစ်ချို့မှာတော့ ပြည်သူ့ပညာရေး အစီစဥ်တွေနဲ့ လူငယ်တွေကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။