မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့က ဖျော်ဖြေကြမယ့် တော်လှန်သင်္ကြန်အငြိမ့်ကို ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။
ဒီတင်ဆက်မှုကိုတော့ ဒီဗွီဘီ ရုပ်သံဌာနအပါအဝင် Dday channel ၊ PVtv နဲ့ တခြား တော်လှန်ရေးမီဒီယာတွေမှာ လာမယ့် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စတင်ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲဘဲ အာဏာရှင်ကို ဆက်လက်ပြီး ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပြီး အမှန်တရားဘက်တော်သား အနုပညာရှင်တွေကလည်း ဒီသင်္ကြန်ပွဲကို ညီညီညာညာ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
ခုလိုအခြေအနေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေတာတွေကို ပြည်သူတွေက ဝေဖန်ကန့်ကွက်ဆန့်ကျင်နေကြတာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ် ကောင်စီနဲ့ လက်တွဲပြီး အလိုကျလိုက်ပါ ဖျော်ဖြေနေတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကိုလည်း လူမှုပြစ်ဒဏ်ခတ် အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။
ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရနဲ့ အန်အယ်လ်ဒီ အစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ကာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ ရှေ့တန်းကနေ အနုပညာအလုပ်တွေကို ဆက်လုပ်နေပြီး တော်လှန်ရေးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
ဟားငါးကောင်အဖွဲ့ကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် တောထဲကို တိမ်းရှောင်လာရသလို လက်ရှိအချိန်မှာ လွတ်မြောက်နယ်ရဲ့ တနေရာမှာရှိပြီး အာဏာရှင်တော် လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ရဲရဲဝံ့ဝံ့ပါဝင်နေတဲ့ ပြည်သူ့ဘက်တော်သား အဆိုတော် လင်းလင်းရေးတဲ့ “တော်လှန်စာ”လို့ အမည်ပေးထားတဲ့ ကဗျာတပုဒ် အခုရက်ပိုင်းမှာ ထွက်ရှိလာပါတယ်။
ဒီကဗျာကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ CRPH-OFP နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ “ပြည်သူ့တော်လှန်ရေးမိသားစုစကားဝိုင်း” အစီအစဉ်မှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးဖွင့်ပွဲအဖြစ် ကျင်းပတဲ့ ဒီစကားဝိုင်းမှာတော့ လင်းလင်းနဲ့အတူ ပြည်သူ့တော်လှန် ရေးမိသားစုဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာဖြိုးသီဟ၊ ခင်နှင်းကြည်သာ၊ မမေဇင်မွန် (Women Alliance Burma)နဲ့ နော်တာလပေါ(PDF, အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)တို့က ပါဝင်ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
⭐️တော်လှန်စာ⭐️
ဒီနွေဦးတော်လှန်ရေးကြီးကနေ
ပြည်သူနဲ့ဆန့်ကျင်ဖက် လားရာတစ်နေရာဆီ
မျဥ်းခြားပေးလိုက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ..
ပုဂ္ဂိုလ်မျိုးစုံတွေ..
ကိုယ်ကျိုးရှာ အခွင့်အရေးသမားတွေ..
နိုင်ငံရေးသစ္စာဖောက်တွေ..
'ငါ' အခြေပြု ပညာတတ် အောက်တန်းစားတွေ..
အားလုံး.. အားလုံးသော ထိုသူများဟာ
လူထုတည်ဆောက်မယ့် နိုင်ငံ့အနာဂတ်ဖွဲ့စည်းပုံမှာ
ဘယ် သော အ ခါ မှ...
လူ တော မ တိုး စေ ရ...
ဤသို့ပြောလို့ ငရဲရမယ်ဆိုရင်လည်း
ထိုငရဲအား နိဗ္ဗာန်ထက် ပိုရင်ခုန်ပါ၏..
တေးရေး လင်းလင်း
၁၂-၁-၂၀၂၂
ပြည်သူ့တော်လှန်ရေးမိသားစုစကားဝိုင်းမှ
တေးရေးသူတယောက်လည်းဖြစ်၊ အဆိုတော်တယောက်လည်းဖြစ်တဲ့ လင်းလင်းဟာ “စဉ်းစားပါ”၊ “အမှန်တရား”၊ “သံမဏိလိပ်ပြာ”၊ “စတုတ္ထတော်လှန်ရေး”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆို အောင်မြင်ခဲ့တဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။
ထူးခြားတဲ့ သီချင်းပုံစံတင်ဆက်မှုတွေနဲ့ သူ့သီချင်းတွေဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို နောက်ပိုင်း နိုင်ငံရေးနောက်ခံ အခင်းအကျင်းတွေနဲ့အတူ တမူထူးခြားတဲ့ သူ့ရဲ့ သီချင်းတွေနဲ့လည်း လူသိများသူတဦး ဖြစ်ပါတယ်။
သရုပ်ဆောင် အဆိုတော်တဉီးဖြစ်တဲ့ ချစ်သုဝေနဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာ အမြွှာသ မီးလေး ၂ ယောက်ဖြစ်တဲ့ “ခေတ်နဲ့သစ်”အမည်နဲ့ ပရဟိတဖောင်ဒေးရှင်းတခုကို ထူ ထောင်ထားခဲ့ကြတာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ ရှိသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာလည်း သူတို့ ဇနီးမောင်နှံဟာ ဖောင်ဒေးရှင်းအနေနဲ့ ကျပ်သိန်း ၁၀၀ မတည်ပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းတွေအတွက် အလှူငွေ ကောက်ခံပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို လှူဒါန်း ပေးနေသလို ချို့တဲ့နွမ်းပါး အိမ်ထောင်စုတွေအတွက်လည်း ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ သူတို့ ဇနီးမောင်နှံဟာ မတရားစစ်အာဏာသိမ်းကာလ နွေဦး တော်လှန်ရေးမှာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေကို လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရား ပျက်ပြား စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ ဆိုပါတယ်။
Photo Credit-Lin Lin