close

ပြည်သူ့သစ္စာဖောက်

close

March 22, 2023

စစ်ကောင်စီနှင့်ပေါင်းနေသည့် အနုပညာရှင်များ ပြည်သူ့သစ္စာဖောက်များဖြစ်ဟု အကယ်ဒမီ မင်းမော်ကွန်းပြော

လာမယ့် ဧပြီလထဲမှာ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဦးစီးတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီနှစ်မှာကျင်းပမယ့် အကယ်ဒမီပေးပွဲက ပြီးခဲ့တဲ့ ကိုဗစ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့ရတဲ့ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်အတွင်းက ရုံတင်ခဲ့တဲ့ ၃ နှစ်စာကို ရုပ်ရှင်ကားတွေကို ပေါင်းပြီး အကယ်ဒမီဆု ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ရုပ်ရှင်ဆန်ခါတင်စာရင်းကိုတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ထုတ်ပြန်ကြေညာထားခဲ့တာမှာ လက်ရှိ နွေဦးတော်လှန်ရေးမှာပါဝင်နေဆဲ အနုပညာရှင်တွေရဲ့ ရုပ်ရှင်ကားတွေလည်း ပါဝင်နေတာပါ။ အဲဒီအထဲမှာ အကယ်ဒမီမင်းမော်ကွန်းရဲ့ “နိုင်ငံကြီးသား” “ထာဝရထက်နှစ်ဆ” စတဲ့ ရုပ်ရှင်ကားတွေပါဝင်နေတာကြောင့် အကယ်ဒမီမင်းမော်ကွန်းကို အကယ်ဒမီပေးပွဲနဲ့ ပတ်သက်တာတွေအပြင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - စစ်ကောင်စီလက်အောက်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ ကိုကျော့်ရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ “တက်တဲ့သူတွေ‌တော့ တက်ကြမှာပေါ့။ ဒါပေမဲ့ အကယ်ဒမီစင်မြင့်ပေါ်တက်ပြီးတော့ ဘယ်သူက ဒီဆုကိုယူမလဲဆိုတာကိုပဲ ကျနော်တို့က စိတ်ဝင်တစားစောင့်ကြည့်ရမှာပေါ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူတို့က ပေးပြီးတော့ မယူပြန်ဘူးဆိုရင်တော့ အခက်အခဲဖြစ်နိုင်တဲ့ကိစ္စတွေလည်း ကြိုတော့မြင်နေရတယ်။ တချို့တွေက ဘေးကျပ်နံကျပ်ထဲ နေနေရတယ်ပေါ့။ တချို့တွေကတော့ အဲဒီလိုမဟုတ်ဘူး ဟိုဘက်ကို ပေါ်ပေါ်ထင်ထင်ကူး သွားပြီးတော့ ပြည်သူကို သစ္စာဖောက်သွားတာတွေရှိပါတယ်။ သစ္စာဖောက်လို့ ပြောတဲ့နေရာမှာ တော်လှန်ရေးအစပိုင်းတုန်းက ပြည်သူနဲ့တသားတည်းဆိုပြီး လိမ်ညာခဲ့ပြီးတော့ အခုချိန်မှာ စကစဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်သွားတဲ့သူမျိုးတွေကို သစ္စာဖောက်တယ်လို့ပဲ ကျနော်သုံးချင်ပါတယ်။”

“ကျနော်တို့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ အနုပညာလုပ်ငန်းရုပ်ရှင်ဖြစ်ဖြစ် ဂီတဖြစ်ဖြစ်ပေါ့ အားလုံးက ငွေကြေးနဲ့ သက်ဆိုင်နေတယ်၊ Commercial art ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းပြည် အဆင်ပြေနေမှ ကျနော်တို့ ပြည်သူတွေပြေလည်နေမှ ကျနော်တို့အနုပညာတွေလည်း စီးပွားရေးအရအောင်မြင်မှာ ဖြစ်ပါတယ်။ ကျပ်တည်းနေရင် ရုပ်ရှင်တွေမကြည့်တော့ဘူး စတိတ်ရှိုးတွေ သွားမကြည့်တော့ဘူး။ ဒါပေမဲ့ ဆန်ဈေးတွေ ဆီဈေးတွေတက်ရင်လည်း ဝယ်ရမယ်သုံးရမယ်။ ကားခဆီဈေးတွေတက်ရင်လည်း ဒါမဖြစ်မနေ ကျောင်းသွား ရုံးသွားဖို့ ဝယ်သုံးရမှာပဲ။ ဒါပေမဲ့ တဖက်မှာဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ အပျော်အပါးတွေကို လျှော့ချ ကြမှာဖြစ်တယ်။ နောက်တနည်းပြောရရင် ပြည်သူတွေ အဆင်ပြေနေဖို့ လိုပါတယ်။ အနုပညာတွေ အရင်မလုပ်ဘဲနဲ့ ကျနော်တို့က တိုင်းပြည်ကောင်းစားဖို့ ပြည်သူအဆင်ပြေဖို့ ရှေးရှုပြီးတော့ အရင်လုပ်ရပါမယ်။ ဒါတွေကို အရင်မလုပ်ဘဲနဲ့ စကစနဲ့ပေါင်းပြီးတော့ ပြည်သူကို ညာစားနေတဲ့ အနုပညာရှင်တွေသည် ပြည်သူကို သစ္စာဖောက်တဲ့ သရဲဘောကြောင်တဲ့ အနုပညာသမားတွေ  ပဲဖြစ်ပါတယ်ခင်ဗျ။”

မေး။ နောက်တခုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ အရင်အစိုးရလက်ထက်ကတည်းက ထုတ်ပြန်ထားပြီးသား ၂၀၁၉ ဆန်ခါတင်ကားတွေကိုလည်း ထည့်သွင်း ရွေးချယ်သွားမယ်လို့ ပြောထားတာဆိုတော့ ကိုကျော့် ရုပ်ရှင်ကားတွေလည်းပါဝင်နေတယ်။ ဆိုတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ‘ကျနော်က တိုင်းပြည်အေးချမ်းနေတဲ့အချိန်တုန်းကတောင် အကယ်ဒမီဆိုတာကို လိုချင်ခဲ့တာ မဟုတ်ပါဘူးဗျ။ အခုလိုအချိန်ဆိုတော့ ပိုဆိုးတာပေါ့။ ပေးတာမပေးတာ သူတို့အပိုင်းပါပဲ။ လက်ခံခြင်းမခံခြင်းကတော့ ကျနော်တို့အပိုင်းပါပဲ ကျနော်တို့က လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ခဲ့ပြီးသားဆိုတာ အားလုံးသိပါတယ်။ အဲဒါကြောင့်မို့ အကယ်ဒမီဆိုတဲ့ ကိစ္စတွေနဲ့ ကျနော်နဲ့က ဘာမှသက်ဆိုင်ခြင်းလည်း မရှိတော့ဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့လည်း ကျနော့် သဘောဆန္ဒအလျောက် နုတ်ထွက်ပြီးသားဆိုတာလည်း အများသိအောင်ကြေညာပြီးသားဖြစ်တယ်။ စကစကိုလည်း အစကတည်းက တော်လှန်ခဲ့တာဆိုတော့ ရုပ်ရှင်အစည်းအရုံးရော စကစရောက လုပ်တဲ့ ဘယ်လိုပွဲမျိုးနဲ့မဆို ကျနော်နဲ့ မသက်ဆိုင်ပါဘူး။”

မေး။ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးထားခဲ့တဲ့ အနုပညာရှင်တွေကို ပြန်လွှတ်ပေးပြီး အနုပညာအလုပ်တွေ ထဲပါဝင်စေတာမျိုး၊ နောက်ပီးတော့ အဲဒီအနုပညာရှင်တွေပါတဲ့ရုပ်ရှင်တွေ ဇာတ်လမ်းတွေကို ပြသနေတာမျိုးတွေ လုပ်နေတာဟာ စစ်ကောင်စီရဲ့ လှည့်ကွက်တခုလို့ ထင်ပါသလား။

ဖြေ- “အဓိက ကတော့ ခုနက ကျနော်ပြောသလို နှစ်ပိုင်းရှိတာပေါ့။ သူတို့ဘက်ကို ပါသွားတဲ့သူတွေနဲ့တော့ သူတို့က ပျော်ပျော်ကြီးကျင်းပမယ် လုပ်နေမယ်ပေါ့။ သူတို့ဘက်ကို မရပ်တည်တဲ့သူတွေကိုကျတော့ ပိုပြီးတော့ ကျဉ်းထဲ ကျပ်ထဲ ရောက်လာအောင် ပိုပြီးတော့ ပရိသတ်နဲ့ စိတ်ဝမ်းကွဲအောင်အကြောင်းတွေ ဖန်တီးမယ်ဆိုတော့ ကျနော်ကတော့ ဒါကိုမြင်ပီးသားပါ။ တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ သူတို့ကတော့ ဉာဏ်နီဉာဏ်နက်မျိုးစုံကို ထုတ်သုံးနေမှာပါပဲ။”

မေး။  တော်လှန်ရေးကာလ တလျောက်မှာ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာတွေရှိမှာဆိုတော့ ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့ရလဲ။

ဖြေ။ “ကျနော်တို့က တောထဲမှာလည်းနေခဲ့ဖူးတယ်။ အခု ဒီနိုင်ငံမှာလည်းနေနေတယ်ဆိုတော့ တောထဲလည်း တော်ထဲအလျောက် ဒီမှာဆိုလည်း ဒီမှာအလျောက်မတူတဲ့ အခက်အခဲတွေ မျိုးစုံရှိပါတယ်။ တခါတလေမှာလည်း ကျနော်တို့ကိုယ်တိုင်လည်း လူဖြစ်တဲ့အလျောက် စိတ်ဓာတ်ကျတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အမြဲကြီးတော့ မဟုတ်ဘူးပေါ့၊ ကျသွားလိုက် ပြန်ပြီး တော်လှန်ရေးမှာလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထူမတ်လိုက်ပေါ့။ ဒီလိုပဲ အားလုံးလည်း သွားနေရမယ်ထင်တာပဲ။ အထူးသဖြင့်တော့ တောထဲက ကျနော်တို့ ညီအစ်ကိုမောင်နှမတွေကိုပိုပြီးတော့ကိုယ်ချင်းစာပါတယ်။ ဒါ့ကြောင့်အများကြီးတော့ မညည်းချင်ဘူး။ တခါတလေကျတော့လည်း ပြန်ပြီးတော့ မထချင်လောက်အောင် ဖြစ်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကြိုးစားပြီး ပြန်ထူမတ်နေဆဲပေါ့။”

မေး-တော်လှန်ရေးရှည်ကြာလာတဲ့အခါမှာ ပါဝင်နေကြတဲ့အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေက မတူတဲ့ပုံစံတွေနဲ့ တိုက်ခိုက်ခံရတာမျိုးတွေ ကြုံလာကြတဲ့အခါ တချို့သူတွေက လက်လျော့နောက်ဆုတ်သွားကြတာမျိုးတွေလည်းရှိလာတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။ “ကျနော်တို့ ညီအစ်ကိုတွေကိုကျနော်တခုပဲပြောချင်တာက ပြည်တွင်းမှာ ကြံ့ကြံ့ခံနေကြတဲ့ ပြည်သူတွေရော၊ တောထဲက ရဲဘော်တွေရော၊ ပြည်ပမှာရှိနေတဲ့ လူတွေရော အကုန်လုံးက ကြံ့ကြံ့ခံရင်းနဲ့ ရပ်တည်နေကြရတာပါ။ ဒီလိုအခက်အခဲတွေကြုံလာရတဲ့အခါ ကျနော်တို့ စိတ်ဓာတ်ကျလို့တော့ရပါတယ်။ ဒါပေမဲ့ လက်လျော့လိုက်လို့တော့မရပါဘူး။ နဂိုတည်းက ပါလာခဲ့တဲ့ အရှိန်အဟုန်အတိုင်းပဲ ဆက်ပြီးတော့ ကြိုးစားပေးနေစေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့တော်လှန်ရေးက အချိန်မှီအတွင်းမှာ အောင်မြင်ပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်အောင်မြင်ဖို့လည်း လိုပါတယ်။ ဒီနေ့ချိန်ထိ ပြည်တွင်းမှာ အသက်ဆုံးရှုံးနေရတဲ့ အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့ တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမတွေ အများကြီးရှိနေပါတယ်။ သူတို့ အတွက်ကို ကျနော်တို့က မဖြစ်မနေ ဆက်ပြီးတော့ ကြိုးစားနေဖို့တော့ လိုပါတယ်။”

မေး - တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ “အဓိကကတော့ ကျနော်တို့ ဒီတော်လှန်ရေးက မြန်မြန်အောင်မြင်ဖို့ လိုအပ်နေပါပြီ ဟိုဘက်ကလည်း တနေ့တခြားဆုံးရှုံးမှုတွေ ရှိလာသလို သူတို့ခြေကုပ်ယူနိုင်တာတွေ အင်အားကြီးထွားလာတဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ ဆိုတော့ ကျနော်တို့ တော်လှန်ရေး အမြန်အောင်မြင်အောင် ညီညီညွတ်ညွတ်နဲ့ အရှိန်အဟုန်မြှင့်တင်ပြီးတော့ လုပ်ဖို့လည်း လိုပါလိမ့်မယ်။ နောက်ထပ် ကျနော်တို့ ဒီတော်လှန်ရေးထဲမှာ ရန်သူကိုရင်ဆိုင်တဲ့အခါ ကိုယ့်အချင်းချင်းက အပြစ်တင်ပြီးတော့ တယောက် တပေါက်နဲ့ ရင်ဆိုင်ဖို့ဆို မလွယ်ကူနိုင်ပါဘူး။ ဆိုတော့ ကိုယ့် အချင်းချင်းလည်း ယုံကြည်ရမှာဖြစ်သလို အချင်းချင်းဖေးမပြီး စာနာနားလည်ပြီး ရှေ့ဆက်ဖို့ လိုပါလိမ့်မယ်ခင်ဗျ။ အားလုံးကိုလည်း ကျနော်က ကျေးဇူးတင်ပါတယ်။”

ဒီဗွီဘီကလည်း ကျေးဇူးတင်ပါတယ်။

6 mins Ago

September 6, 2022

ပြည်သူ့သစ္စာဖောက် အောက်တန်းစား မီဒီယာတွေ (သူ့အတွေး သူ့အမြင် – Op-Ed)

အကြမ်းဖက်စစ်တပ်ဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးထိပ်မှာ ရဲရဲဝံ့ချီတက်ခဲ့တဲ့ ကဗျာဆရာကေဇ ဝင်းကိုပစ်သတ်ခဲ့တယ်။ ကဗျာဆရာခက်သီဆိုရင်လည်း ၂၄ နာရီမပြည့်ခင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးစခန်းထဲ ရိုက်သတ်ခံခဲ့ရပြန်တယ်။ ပြီးတော့ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ ကဗျာဆရာ အေစိုင်းကေဟာ ကရင်ပြည်နယ်အစွန်အဖျား ငြိမ်းချမ်းရေးမြို့သစ်လို့ဆိုတဲ့ လေးကေ့ကော်မြို့ ပရဝဏ်ထဲက ထီးမယ်ဝါးခီးရွာမှာ အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်သင့် ကျဆုံးခဲ့။ ဒါ့အပြင်ကျဆုံးခဲ့တဲ့ သတင်းသမားတွေ၊ ထောင်ထဲရောက်နေတဲ့ သတင်းသမားတွေ စာသမားတွေလည်း မနည်းလှ။ လောလောလတ်လတ်ဘာမှမကြာ သေးချိန် အင်းစိန်ထောင်တွင်း သတ်ဖြတ်အလောင်းဖျောက်ခံရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဆိုတာလည်း အနုပညာရှင်တွေ။ စာပေအနုပညာရပ်ဝန်းဆိုတာ အာဏာသိမ်းပြီးဘာမှမကြာ စောစောစီးစီးပွဲပြီးတဲ့အထဲ ထိပ်ဆုံးကပါခဲ့တယ်။ သတင်းစာတွေ အပိတ်ခံခဲ့ရ၊ ဂျာနယ်တွေ ရပ်နားခဲ့ရ။ စာအုပ်ထုတ်ဝေရေးဈေးကွက် ရပ်လုနီးဖြစ်ရ။ ရုပ်ရှင် အသိုင်းအဝိုင်းဆိုရင်လည်း ဖရိုဖရဲ။ ကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်လို့ ထင်နေတဲ့ စစ်အုပ်စုကလွဲ ဘယ်သူမှ မလွတ် အကုန်ဝရုန်းသုန်းကား။

အကြမ်းဖက်စစ်တပ်ရဲ့ အစွမ်းကုန်ပစ်သတ်တာကိုခံနေရတာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP)ရဲ့ ဩဂုတ် ၃၀ ရက်အထိစာရင်းအရ ကျဆုံးပြည်သူ ၂၂၅၇ ဦး။ အခုအကြမ်းဖက် စစ်တပ်က ရွာတကာလှည့်မီးရှို့နေတာ Data for Myanmar ရဲ့ စာရင်းအရ ပြည်သူ့နေအိမ် ၂၈၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရ။ အဲဒီငရဲတဆုံး အမိုက်ဇာတ်ကို ဘယ်ပြည်သူကမှ ခွင့်မလွှတ် နိုင်ကြပေမဲ့ သူတို့ကိုယ်သူတို့ စာရေးဆရာ၊ သတင်းစာဆရာလို့ နာမည်တပ်ထားကြသူတွေကတော့ သွေးစွန်းနေတဲ့မင်းအောင်လှိုင်လက် မပြောင်မှန်းသိလျက် ပြေးလျက်နေကြလေရဲ့။

၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းက အကြမ်းဖက်စစ်ကောင်စီက အမျိုးသားစာပေဆုပေးပွဲလုပ်တော့ ပျော်ပျော်ပါးပါး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆုတက်ယူရတဲ့လူတွေ မြင်ရပြီး အတော်အံ့အားသင့်ရတယ်။ ပြောကြတော့ စာတွေပေတွေ၊ အမှန်တရားကို သူများထက်ပို နားပါးပါးနဲ့သိကြတယ်ဆိုတဲ့လူတွေ။ တချို့က ပေးလို့ယူတာ၊ ကိုယ်က သွားတောင်းနေတာမဟုတ်ဘူးတဲ့။ တချို့ကျပြန်တော့ ရေးထားတဲ့စာ အာဏာရှင်ကို ဖားထားတာမပါဘူးတဲ့။ အကြောင်းပြချက်ကိုယ်စီနဲ့ အသဲအသန် လိုက်ရှင်းပြနေရတာမောလို့။

ပိုပြီးအံ့အားသင့်ရတဲ့တချို့ကတော့ အမျိုးသားစာပေဆုရတဲ့သူတို့ရဲ့ မိတ်ဆွေတွေကို ဂုဏ်ယူလေးစား မိပါကြောင်း အနေမတတ်အထိုင်မတတ် ဖေ့စ်ဘွတ်ခ်ပေါ်တင်ကြတဲ့အထိ မင်းအောင်လှိုင်ပေးတဲ့ စာပေဆုအပေါ် သွားရည်တမြားမြား။ ဒီဆုကို မယူလိုက်ရင် ကိုယ့်စာပေဂုဏ်သိက္ခာ ထိုးတက်သွားမယ်ဆိုတာ သူတို့ကောင်းကောင်းသိကြတယ်။ အဲဒီကာလတုန်းက ဒီဆုကို ပြေပြေလည်လည်လေး ငြင်းလိုက်ရင် ပြဿနာမတက်နိုင်မှန်းလည်း သိကြတယ်။ အတည်ပြုလို့မရ သေးတဲ့သတင်းက နိုင်ငံရေးတွေဘာတွေလုံးဝမပါတဲ့စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စာတွေကို ရွေးချယ်ပေးခဲ့ ကြတာဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့က  ဆုစာရင်းမကြေညာခင်ကတည်းက သူတို့ဆု လျာထားတဲ့သူတွေကို ပေးရင်ယူမှာလားလို့မေးကာ ယူမယ်ဆိုမှ ကြေညာကြောင်း သတင်းထွက် ပေါ် ခဲ့ပါတယ်။ အဲဒီသတင်းသာမှန်ခဲ့ရင် ကြိုညှိစဉ်က ကြိုငြင်းခဲ့ရင် ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမဲ့၊ သွေးစွန်းနေတဲ့လက်နဲ့ပေးတဲ့ဆုကို ယူခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး ပြည်သူကိုနေစဉ်သတ်နေတဲ့အာဏာရှင်နဲ့ ပူးပေါင်းလိုက်ခြင်း ဖြစ်ပါတယ်။

အခုလည်း ဩဂုတ်၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ စာပေဗိမာန် ၇၅ နှစ်ပြည့်အခမ်းအနားကို ကိုယ့်အကြောင်းကိုယ် စာတစ်မျက်နှာလောက်တောင် ဌာန်ကရိုဏ်းကျကျ မရေးတတ်တဲ့ ရာဇဝတ်သားမင်းအောင်လှိုင်က ဗီဒီယိုနဲ့ လှမ်းမှာတမ်းချွေပါတယ်။

ထုံးစံအတိုင်း တစ်ယောက်ယောက်ရေးပေးတဲ့စာကို ရွတ်ပြလိုက်တာပါပဲ။ ပြီးတော့ နွားသိုးတစ် ကောင်လို နည်းနည်းလေးတော့ ခတ်လိုက်ရမှ ဆိုတာမျိုး။ ၂၀၁၁ ခုနှစ်နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းထုတ်ဝေခဲ့တဲ့ စာအုပ်တချို့နဲ့ စာပေဟောပြောပွဲတွေဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

သူတို့ စစ်တပ်ရဲ့ လွှတ်တော်ထဲ လူပါးလာဝခဲ့တဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အချောင်နှိုက်ထားတဲ့ နိုင်ငံရေးအာဏာတွေကို ဝေဖန်ခဲ့တဲ့အပေါ် ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်လို့ ပြောလိုက်မှန်း စာပေဆရာကြီးဆိုသူတွေ ကောင်းကောင်းသိကြပေမဲ့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ဂုဏ်ပြုကြပါတယ်။

ပြီးတော့ အကြမ်းဖက်စစ်တပ်က စာပေလောကဖွံ့ဖြိုးရေးအတွက်ဆိုပြီး ကျပ်သိန်း ၂၀၀၀ ကျော်နဲ့ အကြမ်းဖက်စစ်ကောင်စီခန့် ရန်ကုန်တိုင်းအဆင့်က ၇၅ သိန်း။ အခုနောက်ဆုံးကြားရတဲ့သတင်းက အဲဒီအလှူ ငွေသိန်း ၂၀၀၀ ကျော်ရော ၇၅ သိန်းမှာ လက်ဝယ်ရောက်မလာသေး။ စစ်တပ်ရဲ့ထုံးစံအတိုင်း တီဗီထဲမှာလှူပြီး တကယ်မလှူဘူးဆိုတာမျိုးထင်ရ။ ထားတော့။

ပြောချင်တာက အဲဒီနေ့ပွဲမှာ ထောင်လွှားနေကြတဲ့ မြင်းမူမောင်နိုင်မိုးတို့ မောင်ငြိမ်းသူ-ကြို့ပင်ကောက်တို့ နောင်တို့ မစန္ဒာတို့ဆိုတာက အဆက်ဆက်ကတည်းက ဒေါင်ဒေါင်မြည် စစ်တပ်လက်ဝေခံတွေ။ မြင်းမူမောင်နိုင်မိုးဆိုရင် ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အမျိုးသားစာပေဆု(ကဗျာ)ကို ၅ ကြိမ်တိုင်အောင် လက်ဝါးကြီးအုပ်ခဲ့ရုံတင်မက ဒုတိယအာဏာရှင်လက်ထက်မှာ ကဗျာယောင်ယောင်စာယောင် ယောင်နဲ့ ကိုယ်ကျိုးစီးပွားရှာနိုင်ခဲ့သူပါ။

ဒုတိယအာဏာရှင်လက်ထက် စစ်တပ်နဲ့လုံးနိုင်တဲ့ စာပေအမည်ခံများစွာဟာ အနည်းဆုံးမြေကွက် တစ်ကွက်လောက်တော့ ရရှိခဲ့ကြတာချည်းမို့ ဘာပဲဖြစ်ဖြစ် လုံးရကျိုးနပ် အကျိုးအမြတ်ထွက်ခဲ့ သူချည်း။ အခု  စာပေဗိမာန် ၇၅ နှစ်ပြည့်အခမ်းအနားမှာတွေ့ရတဲ့ စစ်တပ်လက်ဝေခံမဟုတ်ခဲ့တဲ့ စာရေးဆရာဆိုသူတွေကရော ဘာ့အတွက်ကြောင့် ရောက်လာကြတာလဲ။ ဒီနေ့အကြမ်းဖက်စစ်ကောင်စီဟာ မြေကွက်တွေပေးဖို့မပြောနဲ့၊ သူတို့ကိုယ်တိုင်ကိုက ပြည်သူတွေဆီကနေ ဓားပြပြန်တိုက်နေရတဲ့ဘဝပါ။

ဒီပွဲမှာ အကြမ်းဖက်စစ်ကောင်စီအနိုင်ရလိမ့်မယ်ဆိုပြီး နိုင်ငံရေးဉာဏ်နည်းကြလို့လား။ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းဟာ တစ်သက်တာထူထောင်ခဲ့တဲ့စာပေဘဝ လုံးဝပြီးဆုံးသွားရုံတင်မက သေသွားတဲ့ထိတိုင် သမိုင်းဆိုးအတင်ခံရမယ်ဆိုတာ မသိလို့များလား။ နေ့စဉ်သွေးစွန်းနေတဲ့ မင်းအောင်လှိုင်ရဲ့လက်ကိုပဲ အနုပညာမြောက် ကရုဏာရှင်ရဲ့လက်အဖြစ် ယုံမှတ် ကိုးကွယ်ချင်ကြတာများလား။

မသိတာပဲဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ် ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် အကြမ်း ဖက်စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းဟာ အကြမ်းဖက်စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်အောင် ဘာစာတစ်ကြောင်းမှ မရေးခဲ့ရင်တောင် သမိုင်းဒဏ်သင့် အပြစ်ကြီးတာက သေချာပါတယ်။

သူတို့ထက်ပိုအပြစ်ကြီးသူတွေကတော့ အကြမ်းဖက်စစ်ကောင်စီယန္တယားလည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးနေကြတဲ့ သတင်းပေ့ချ်တွေနဲ့ သတင်းစာတချို့ပါပဲ။ ကျနော်ဆိုလိုတာက အာဏာသိမ်းပြီး နောက်ပိုင်း ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဟာတွေနဲ့ ဘူးလက်တို့လို မိုးဟိန်းတို့လို အာဏာရှင်ဘက် ပြတ်ပြတ်ရပ်တယ်ဆိုတဲ့ အတိုအစသတင်းဌာနတွေကို မဟုတ်ပါဘူး။ အာဏာမသိမ်းခင် အရင့်အရင်ကတည်းက မီဒီယာလောကမှာ ရှိခဲ့ကြပြီး အခုအခါမှာတော့ အကြမ်းဖက်စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တနိုင်ဝင်ထမ်းပေးနေကြတဲ့ ပြည်တွင်းက မီဒီယာတချို့ကို ဆိုလိုတာပါ။

အဲဒီလိုမီဒီယာတွေဟာအရင်ကတည်းကရှိခဲ့တာမို့ သူ့ပရိသတ်နဲ့သူ ရှိနှင့်ပြီဖြစ်သလို  မီဒီယာပါးလည်းဝနေပြီမို့ အကြမ်းဖက်စစ်ကောင်စီကို ဝါဒဖြန့်ပေးနေမှန်းမသိအောင် ပါးပါးနပ်နပ်နဲ့ ဝါဒဖြန့်ပေးနေကြတာပါ။

အကြမ်းဖက်စစ်ကောင်စီကလည်း သူတို့ရဲ့ဝါဒဖြန့်ချိရေးအတွက် အဲဒီပုဂ္ဂလိကမီဒီယာတွေကို အင်မတန်မှအား ကိုးကြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြေးမုံလိုမြန်မာ့အလင်းလို ဘူးလက်တို့ မိုးဟိန်းတို့လို အတိုအစသတင်းပေ့ချ်တွေကို ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေ့ချ်တွေအဖြစ် သတ်မှတ်ကာ အဖက်လုပ်စောင့်ဖတ်တာမျိုးမရှိတာကြောင့်ပါပဲ။ 

အားလုံးမှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ၂၀၂၂ ခုနှစ်သင်္ကြန်မှာ တိတ်ဆိတ်ခြင်းကိုကိုယ်စားပြုတဲ့ တော်လှန်သင်္ကြန်နဲ့  အာဏာရှင်သင်္ကြန်တို့ အားပြိုင်ကြရာမှာ လက်ညှိုးတစ်ကော်စာလူလောက်ရှိတဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကို လူသိပ်စည်နေပါတယ်ဆိုတဲ့ ပုံစံမျိုး၊ တခြားမြို့တချို့က လူနည်းနည်းစည်တာကို များများစည်လေဟန်နဲ့ အာဏာရှင်သင်္ကြန်ကို အာဏာရှင် အလိုကျ တင်ဆက်ခဲ့တာ အဲဒီ မီဒီယာတွေ ထိပ်ဆုံးက ပါခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ပုဂ္ဂလိကမီဒီယာတွေအဖြစ်နဲ့ အကြမ်းဖက်စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တနိုင်ဝင်ထမ်းပေးနေတဲ့   အဲဒီ မီဒီယာအများစုဟာ အွန်လိုင်းပေ့ချ်တွေ ဖြစ်ကြပါတယ်။

ဒီကာလမှာ ပြည်တွင်းမှာထုတ်ဝေဖြန့်ချိနေတဲ့  သတင်းစာတွေရော၊ အွန်လိုင်းပေချ့်တွေပါ ဘာဝင်ငွေမှမရှိတာ အားလုံးမျက်မြင်ပါပဲ။ ဆိုတော့ အဲဒီမီဒီယာတွေဟာ ဘယ်ကရတဲ့ဝင်ငွေ တွေနဲ့ရပ်တည်နေပါသလဲ။ အခုမီဒီယာလောကသားတွေကြား အပြောအဆိုများနေပြီး အတည်ပြုလို့မရသေးတဲ့ သတင်းတစ်ပုဒ်က စစ်ကောင်စီကို ဝါဒဖြန့်ပေးနေတဲ့မီဒီယာတွေဟာ အကြမ်းဖက်စစ်ကောင်စီ၊ ပြန်ကြားရေးဌာနက ပေးတဲ့လစဉ်အထောက်အပံ့နဲ့ ရပ်တည်နေတယ်ဆိုတာပါပဲ။

ဘယ်လိုပဲဖြစ်ပါစေ၊ အကြမ်းဖက်စစ်ကောင်စီကိုဝါဒဖြန့်ပေးနေတာဟာ အင်မတန်မှ အပြစ်ကြီးလှပါ တယ်။ နွေဦးတော်လှန်ရေးဆိုတာ အင်မတန်ထက်လွန်းလှတဲ့ ဓားသွားနဲ့ ရန်-ငါစည်း ဖြတ်ခဲ့ကြတာပါ။ အကြမ်းဖက်စစ်ကောင်စီသာ အာဏာဆက်မြဲခဲ့မယ်ဆိုရင် အဲဒီမီဒီယာတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့အဓိက လက်ကိုင်တုတ်မီဒီယာတွေအဖြစ် ကောင်းကောင်းကြီး ပွားသွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးသာ အောင်ပွဲခံခဲ့မယ်ဆိုရင် အဲဒီမီဒီယာအဖွဲ့သားအားလုံးဟာ အကြမ်းဖက်အားပေးမီဒီယာ၊ ပြည်သူ့သစ္စာဖောက်မီဒီယာတွေ အဖြစ် ဥပဒေနဲ့အညီ အရေးယူခံရမှာအသေအချာမို့ ထောင်ထဲကို ဘယ်လိုမျက်နှာပေးနဲ့ ဝင်ကြမလဲဆိုတာ  စောင့်ကြည့်ရပါမယ်။

ဘယ်သွေးက ဘယ်လောက်ရဲသလဲ၊ ပြည်သူတွေဘယ်လို အောင်ပွဲခံမလဲ။ သိပ်မကြာခင်မှာ သဲကွဲတဲ့အနာဂတ်လမ်းကို မြင်တွေ့ရမှာလည်း အသေအချာပါပဲ။

ထွန်းလင်း (သူ့အတွေး သူ့အမြင် – Op-Ed)

7 months Ago
Up