close

ပြည်သူ့ လူနေမှုဘဝတိုးတက်စေရေး

close

February 9, 2022

ပြည်သူ့ လူနေမှုဘဝတိုးတက်စေရေး မြောက်ကိုရီးယားလွှတ်တော် ကတိပြု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မနှစ်က ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်စေဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးစေဖို့ မြောက်ကိုရီးယားလွှတ်တော်က ကတိပြုလိုက်တယ်လို့ အစိုးရမီဒီယာက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက အဓိပတိ ပြည်သူ့လွှတ်တော် (SPA) ကို ခေါ်ယူခဲ့ပြီး နိုင်ငံခြားမှာ နေထိုင်သူတွေကို ကာကွယ်ရေး၊ ကလေးသူငယ်စောင့်ရှောက်ရေးတို့အတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့၊ အစိုးရ ဘတ်ဂျက်နဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ အစိုးရ မီဒီယာ KCNA က ပြောပါတယ်။

ဒီအစည်းအဝေးကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း မတက်ဘဲ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ချိုးရယွန်ဟေးက ဦးဆောင်ခဲ့တာပါ။ မြောက်ကိုရီးယားအစိုးရ စီးပွားရေးကြီးကြပ်မှု အကြီးအကဲ ကင်မ်တော့ခ်ဟန်ကတော့ ဒီအစည်းအဝေးမှာ သတ္တုနဲ့ ဓာတုလုပ်ငန်းတွေကို အဓိက ချိတ်ဆက်မယ့် ငါးနှစ် စီမံကိန်းအတွက် အခြေခံတွေကို ကျစ်လျစ်အောင် လုပ်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဝေစုတွေကို ပုံမှန်ပြန်ရအောင် စားသောက်ကုန် ထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ ကုန်သွယ်ရေးကို ပြန်အသက်သွင်းဖို့ ပိုတိုးအားထုတ်သွားမယ်လို့လည်း သူက ကတိပြုပါတယ်။

မနှစ်ကထက်စာရင် ကူးစက်ရောဂါ ကပ်ဘေးကို ကာကွယ်ရေး အရေးပေါ်လုပ်ငန်းတွေနဲ့ ကပ်ဘေး ကိုင်တွယ်ရေးအတွက် အသုံးစရိတ်တွေကို ၃၃ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အပါအဝင် ဒီနှစ်အတွက် ဘတ်ဂျက်ကို (SPA) အစည်းအဝေးမှာ ဖော်ပြခဲ့တယ်လို့ ကေစီအန်အေ သတင်းဌာနက ထုတ်လွှင့်ပါတယ်။

ဘတ်ဂျက် ပမာဏကိုတော့ အသေးစိတ် မဖော်ပြခဲ့ပေမဲ့ ကာကွယ်ရေး အသုံးစရိတ်ကိုတော့ မနှစ်ကနဲ့ အလားတူ ၁၅ ဒသမ ၉ ရာခိုင်နှုန်းသာ သုံးဖို့ လျာထားခဲ့တယ်လို့ ကေစီအန်အေ သတင်းဌာနက ပြောခဲ့ပါတယ်။

4 mins Ago
Up