close

ပြည်သူ၁၆၉၀

close

March 19, 2022

စစ်တပ်က ပြည်သူ ၁,၆၉၀ နီးပါးကို ပစ်သတ်၊ ၁၂၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ဟု အေအေပီပီထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၈၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၈၁၃ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၈ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၇၇၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၅၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်ည ၉ နာရီအချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးမြောက်ခြမ်း ၁၂ လမ်းပေါ်မှာ အသက် ၂၀ ကျော်အရွယ် မနုနုဝင်းကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ မနုနုဝင်းဟာ ကိုအောင်ဖြိုးကျော်နဲ့အတူ ဆိုင်ကယ်စီးကာ မုန့်ဝယ်ပြီး ပြန်လာချိန် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်ကို တားချိန်မှာ ရပ်မပေးတာကြောင့် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး လည်ပင်းကို ကျည်ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ကိုအောင်ဖြိုးကျော်ဟာလည်း ရင်ညွန့်ကို ကျည်ထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် မခင်ငြိမ်းချမ်း၊ မမှူးမြတ်ကိုကို၊ မောင်ရဲရင့်ထက်၊ မောင်အာကာဖုန်းမြတ်၊ အသက် ၁၇ နှစ်အရွယ် မစုနှင်းရည်အောင်၊ မသိမ့်သိမိမ့်မိုးနှင့် မမြတ်သူထက်တို့ ၇ ယောက်ကို နတ်တလင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊(ခ) နဲ့ မတ် ၁၇ ရက်က စွဲချက်တင်ခဲ့ကြောင်း သိရ ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

2 mins Ago
Up