close

ပြည်သူ ၁၇ ဦး

close

September 10, 2021

မတ္တရာမြို့နယ် ကျေးရွာနေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီး

မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ ရွာတွေကိုဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးကာ  ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက် ၃ နာရီခွဲက ကျောက်တံတားရွာဘက်က မောင်းလာတဲ့ အိမ်စီးကား ၇ စီးနဲ့ ဆိုင်ကယ် ၈ စီးဟာ မနက် ၄ နာရီကျော်မှာ တံတားဖြူရွာကို ရောက်လာတယ်။ အိမ်တွေကို ဖျက်တယ်။ အုပ်ကြီးဟောင်း ကိုမောင်သော်နဲ့ ရွာသားတချို့ကို ဖမ်းသွားတယ်။ အိမ် ၃ လုံး မီးရှို့ခံရတယ်။ မနက်အစောကြီးဆိုတော့ ရွာသားတွေ ရှောင်ချိန်မရဘဲ ပိတ်မိနေသူတွေများပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မနက် ၉ နာရီကျော်လောက်မှာ မတ္တရာဘက်က အိမ်စီကား ၂ စီးနဲ့ အကြမ်းဖက်အဖွဲ့တွေ ထပ်ရောက်လာပြီး လမိုင်းရွာထိပ်တံတားမှာ ၁ နာရီကြာလောက် တုတ်၊ ဓား လက်နက် စစ်ဆေးတာတွေလုပ်ပြီး မနက် ၁၀ နာရီခွဲလောက်မှာတော့ ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တံတားဖြူနဲ့ ရွာသစ်က ရွာသား ၁၇ ယောက်ကို ဖမ်းသွားတယ်။ နန်းတွင်း စစ်ကြောရေးကို ခေါ်သွားတယ်လို့ ရွာထဲမှာ ပြောဆိုနေကြတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ သူတို့အင်အားက အယောက် ၅၀ လောက်ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ မနက် ၈ နာရီလောက်မှာ ရွာကနေ ပြန်ထွက်သွားပြီး ၈ နာရီခွဲမှာ ကျောက်တံတားရွာဘက်ကတဆင့် မန္တလေးဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

မတ္တရာနယ်စပ် ပုသိမ်းကြီးနယ် သရက်ကိုင်းဘက်မှာ စစ်ကားအကြီး ၆ စီးနဲ့ နောက်တဖွဲ့လည်း ရောက်လာတာရှိတယ်လို့ ဒေသခံတွေကပြောပြီး အဲဒီဘက်က အခြေအနေကိုတော့ မသိရသေးပါဘူး။

စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းကလည်း မတ္တရာမြို့နယ်၊ အောင်ချမ်းသာရွာကို  အကြမ်းဖက် စစ်သားအင်အား ၂၀ လောက်ရောက်လာပြီး အိမ်တလုံးကို ဖျက်ဆီးခဲ့သလို သေနတ်တွေလည်း ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီက ရွာသား ၄ ယောက်ကို ဖမ်းဆီးသွားပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်သားတွေဟာ အဲဒီကနေ လက်ဝဲကြီးရွာက အုပ်ချုပ်ရေးမှူးဟောင်းအိမ်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 mins Ago
Up