close

ပြည်သူ ၃ ဦး

close

July 15, 2022

ပခုက္ကူမြို့တွင် ပြည်သူ ၃ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို  ဇူလိုင် ၁၃ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က  PDF ထောက်ပို့လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံထံက သိရပါတယ်။

ပခုက္ကူမြို့ အမှတ်(၉)ရပ်ကွက်၊ ဝိပဿနာလမ်းက အဲယာကွန်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဆန်းငြိမ်းအေးကို ဇူလိုင် ၁၃ ရက် ည ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ စက်မှုဇုန် (၉)လမ်းမှာနေထိုင်တဲ့ ဦးမြို့နဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာချစ် (ခ)ဒေါ်ချစ်ချစ်တို့ကိုလည်း ဇူလိုင် ၁၃ ရက် ည ၁၀ နာရီလောက်မှာ PDF နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းသွားကြတာလို့ ဆိုပါတယ်။

ပခုက္ကူမြို့ခံတဦးက “အဲဒီလင်မယား နှစ်ယောက်ကို အရင်ကလည်း ရဲတွေလာစစ်ဖူးတယ်။ အခုတခေါက်မှာတော့ တစ်အိမ်လုံး ဒူးထောက်ခိုင်းကာ လက်ကိုင်ဖုန်းတွေအားလုံးကို သိမ်းဆည်းပြီး ဖမ်းဆီးသွားကြတာ။ သူတို့နဲ့ ဆက်နွှယ်တဲ့သူတွေကိုပါ စစ်(...)တွေက နောက်ကြောင်းလိုက်နေ ကြတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၅၄၇ ယောက် ရှိပြီး အဲဒီထဲက ၁၃၁၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၃ ရက်က  ထုတ်ပြန်ထားပါတယ်။

9 mins Ago

June 12, 2021

မိုးကုတ်မြို့နယ်တွင် ပြည်သူ ၃ ဦးကို စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ  ဇွန်လ ၁၂ ရက်နေ့က ပြည်သူ ၃ ယောက်ကို နေအိမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မိုးကုတ်မြို့ ရွှေညောင်ပင်ရွာက ကိုဝေယံကို ဒီမနက် ၁၁ နာရီဝန်းကျင်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ကပိုင်ကျေးရွာက ကိုအာနိုးနဲ့ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဒေါ်ဋ္ဌေးဋ္ဌေးမြင့်တို့ကိုလည်း  နေအိမ်တွေမှာ စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လာဖမ်းသွားတယ်လို့ ဆိုပါတယ်။ 

ရွှေညောင်ပင်ရွာက ကိုဝေယံကို အရင်တခေါက်တုန်းကလည်း အကြမ်းဖက်စစ်အုပ်စုက လာရောက်ရှာဖွေပေမယ့်မတွေ့ရှိခဲ့ဘဲ  ခုမှ ဒလန်သတင်းပေးတာကြောင့် လာဖမ်းတယ်လို့ ဆိုပါတယ်။ 

ပြည်သူ ၃ ယောက်စလုံးကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

1 year Ago
Up