ရန်ကုန်မြို့လယ်၊ ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူဟာ ဗုံးဖောက်ခွဲသူဖြစ်တဲ့ အကြောင်းနဲ့ PDF သင်တန်းဆင်းတဦးဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက် ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
မေ၃၁ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမပေါ် မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အနီး ၃၅ လမ်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲပြီး အမျိုးသားတယောက် သေ၊ ၉ ယောက် ဒဏ်ရာရခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဗုံးဖောက်ခွဲတဲ့သူကို ဖော်ထုတ်ရရှိပြီး ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ တဦး သေတယ်။ ၉ ဦးဒဏ်ရာရရှိတယ်။” လို့ ပြောပါတယ်။
သေဆုံးသူဟာ အောင်ကြီးခေါ် ထိန်လင်းထွန်း၊ အသက် ၂၆ နှစ်ဖြစ်ပြီး ဘယ်ဆိုင်မှန်းမသိသေးတဲ့ ကွန်ပျူတာဆိုင်မှာလုပ်တဲ့ အလုပ်သမားတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးတော့ ကားမှတ်တိုင်ကို ဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကိုပြသပြီး အိတ်ထဲမှာ ဗုံးထည့်လာတယ်ဆိုတဲ့အကြောင်းနဲ့ မဖောက်ခွဲခင်မှာ ပေါက်ကွဲသွားတဲ့သဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျန်ခဲ့တဲ့ဖုန်းကို ကျနော်တို့ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ သူ့ကို ခိုင်းထားတာတွေ ရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေပေါ့နော်။ သူကိုယ်တိုင်လည်း PDF တဦး ဖြစ်ပါတယ်။ သင်တန်းတက်ခဲ့တဲ့သူတယောက်လည်း ဖြစ်ပါတယ်။ နီးစပ်ရာကို အတည်ပြုပြီး ဖြစ်ပါတယ်” လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သေဆုံးသူကို စွပ်စွဲပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးတွင် ရှိနေတဲ့ ရဲထက်နိုင်(၃၂)နှစ်၊ နန္ဒမျိုးအောင်(၂၅)နှစ်၊ ဦးစောမင်းရွှေ(၅၉)နှစ်၊ ခန့်ဝေပိုင်(၁၉)နှစ်၊ မိုးဇော်ဦး (၄၅)နှစ်၊ မြင့်သန်းစိုး(၂၃)နှစ်၊ ကိုစိုင်းအောင်(၃၀)နှစ်၊ အောင်ကြီး(၃၀)နှစ်၊ အောင်နိုင်(၄၇)နှစ်တို့ ၉ ဦး မိုင်းစထိမှန်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။
ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုဖြစ်ပြီး ပြည်သူ့တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြည်သူကို ဘယ်တော့မှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူးလို့ ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲနေတဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ကပြောပါတယ်။
“ဒီဗုံးပေါက်ကွဲမှုက တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင် လုပ်ကြံမှုပဲ။ သူတို့ဗျူဟာက ပြည်သူကို ဓားစာခံလုပ်ပြီး ထိခိုက်အောင်လုပ်မယ်။ ပြည်သူ့တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကြားမှာ သွေးကွဲအောင် လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာပါ”လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ စာသင်နှစ်က မိုင်းခွဲ၊ မီးရှို့ခံခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၅၀၄ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၃၇ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက် ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ၁၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပြီးခဲ့တဲ့ စာသင်နှစ်မှာတော့ အကြမ်းဖက်သမားများရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မိုင်းထောင် မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းပေါင်း ၅၀၄ ကျောင်းရှိပါတယ်။ ဆရာ၊ ဆရာမ ၃၇ ဦး သေဆုံးခဲ့ပါတယ်။ အခုလည်း ကျောင်းတွေ မဖွင့်ခင်ကတည်းက ခြိမ်းခြောက်မှုတွေ စတင် လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။”
စာသင်ကျောင်းတွေကို မိုင်းတွေထောင်၊ ဘန်ကာတွေဆောက်ပြီး အခြေချနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တကယ်တမ်း မြေပြင်သတင်းတွေမှာတော့ စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းတွေ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းပါမချန် မြို့ရွာတွေကို မီးရှို့ဖျက်ဆီးနေတာ တွေ့ရသလို မူကြိုအရွယ် ကလေးကိုပါ ဖမ်းဆီးနေပါတယ်။
မြို့ပေါ်စာသင် ကျောင်းတွေမှာလည်း စစ်ကောင်စီတပ်တွေက ဘန်ကာတွေဆောက်လုပ် တပ်စွဲ စခန်း ချထားတာတွေပြုလုပ်တာလည်း ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောင်ရွက်နေတဲ့ ပညာရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးက ဝေဖန်တိုက်ခိုက် စွပ်စွဲပြောဆိုတာတွေ သတင်းစာရှင်းလင်းပွဲမှာ ပြုလုပ်ခဲ့ပါတယ်။
“ပညာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေအားလုံး သတိထားကြဖို့ ပြောလိုတာ ပြလိုတာလေးတခု ရှိပါတယ်။ ဒီဘက်မှာတော့ ကျောင်းတွေ မတက်ဖို့ ပြောကြတယ်။ တဖက်မှာ သူတို့ဘက်က ပညာသင်ပေးနေတယ်ဆိုပြီး လုပ်တယ်။ အဲဒီအထဲမှာ ဘာမြှုပ်ကွက်တွေရှိသလဲဆိုတာကို ကျနော်တို့ ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုပြီး ဗွီဒီဖိုင်တခု ဖွင့်ပြခဲ့ပါတယ်။
စစ်ကောင်စီက ဖြတ်တောက်ပြီး ပြသတဲ့ ဗွီဒီယိုမှာတော့ Free Online Educational Institution Myanmar နဲ့ Islamic Organisation Myanmar တို့ကို လမ်းညွှန်ပြောဆိုထားပါတယ်။ ဒီအဖွဲ့တွေက အွန်လိုင်းကနေ အခမဲ့သင်ကြားနိုင်ပြီး ဘာသာရပ်ပေါင်းစုံကို သင်ယူနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ IOM Islamic Organisation Myanmar ကိုပဲ အဓိကထား ပြောဆိုပါတယ်။
“သူ ပြောသွားတဲ့ IOM ဆိုတဲ့အကြောင်းလေးပေါ့နော်။ ဒါ ဟိုဘက်မှာရောက်နေတဲ့ PDF တခု ဖြစ်ပါတယ်။ IOM ဆိုတဲ့ဟာကို ကျနော် နာမည်ရွတ်မပြတော့ဘူး။ ဖတ်ကြည့်ပေါ့။ ဘာဆိုတာ ဖတ်ကြည့်ပေါ့။ အဲကနေ ပညာသင်ကြားမယ်လို့ သူပြောပါတယ်။ ပါဝင်မည့် သင်ခန်းစာများ။ ကုရ်အာန်၊ အုရ်ဒူဘာသာစကား၊ အာရဗီဘာသာစကား။ နောက်ကဟာတွေ ဆက်ဖတ်ကြည့်လိုက်။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပညာသင်ကြားမှုဆိုတာ ဘာကို ဆိုလိုတာလဲ” လို့ ပြောပါတယ်။
IOM ရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ သူတို့ဟာ မြန်မာနဲ့ နိုင်ငံတကာသင်ရိုးအတန်းစုံကို အွန်လိုင်းကနေ သင်ကြားပေးနေသလို ကွန်ပျူတာ၊ အင်္ဂလိပ်စာလို ဘာသာစကားတွေကိုလည်း သင်ကြားပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အစ္စလာမ် ဘာသာရေးအတန်းမှာ သင်ကြားမယ့် ဘာသာရေးသင်ခန်းစာတွေကိုသာ ထောက်ပြပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဒီလိုအကြောင်းတွေ သင်ကြားပေးနေတယ်ဆိုတဲ့ပုံစုံ ပြောဆိုစွပ်စွဲတာပါ။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စာသင်ကြားဖို့ကို အနှောင့်အယှက်ပေးနေသလို ကျောင်းတွေမှာ အခြေချတယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းစာသင်ကျောင်းတွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဆရာ ဆရာမတွေ ပညာရေးဝန်ထမ်းတွေက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသလို ကျောင်းသား ကျောင်းသူတွေကလည်း ကျောင်းမတက်ဘဲ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။