close

ပြန်စ

close

November 27, 2020

ပြင်သစ်သမ္မတဟောင်းအမှု နိုဝင်ဘာ ၃၀ ရက်နေ့ ပြန်စမည်

ပြင်သစ်သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီအပေါ် စွဲဆိုထားတဲ့ အကျင့်ပျက်ခြစားမှု ရုံးချိန်းကို  ရွှေ့ဆိုင်းပေးဖို့ အဓိကတရားခံတစ်ယောက်က မေတ္တာရပ်ခံခဲ့ပေမယ့် နိုဝင်ဘာ ၃၀ မှာ ပြန်စသွားမယ်လို့ တရားသူကြီးက ပြောဆိုလိုက်ပါတယ်။  နိုဝင်ဘာလ ၂၆ ရက်က သမ္မတဟောင်း ဆာကိုဇီဟာ တရားရုံးကို ခေတ္တလာရောက်ခဲ့ပြီး အမှုမှာ အဓိကကျတဲ့ ယီဘဲ အာဇီဘဲနဲ့ပတ်သက်လို့  တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ခဲ့ပါတယ်။ အာဇီဘဲဟာ ကျန်းမာရေးအခြေအနေကြောင့် တရားရုံးလာနိုင်မှာ မဟုတ်ဘူးလို့ ရှေ့နေက တရားသူကြီးတွေကို ပြောဆိုခဲ့ပေမဲ့ နိုဝင်ဘာ ၃၀ ရက် ရုံးချိန်း ပြန်စတဲ့အခါ အာဇီဘဲကို တွေ့ဖို့ မျှော်လင့်တယ်ဆိုပြီး တရားသူကြီးတွေက ပြောခဲ့ပါတယ်။  အာဇီဘဲဟာ တရားသူကြီးဟောင်း တစ်ယောက်ဖြစ်ပြီး ဆာကိုဇီက အာဇီဘဲကို ရာထူးကောင်းကောင်းပေးကာ လျှို့ဝှက်သတင်းတောင်းယူခဲ့တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။  ဆာကိုဇီဟာ ၂၀၀၇ သမ္မတ မဲဆွယ်ပွဲအတွက် လော်ရယ်အလှကုန် အမွေဆက်ခံသူ လီလီယန် ဘက်သန်ကူဆီက တရားမဝင် ငွေကြေးလက်ခံခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရကာ သမ္မတဟောင်း ဆာကိုဇီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။  ဆာကိုဇီဟာ ပြင်သစ်သမ္မတအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ အထိ တာဝန်ထမ်းခဲ့ပြီး ကွန်ဆာဗေးတစ်တွေအကြား သြဇာကြီးနေဆဲပဲလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
7 months Ago

November 7, 2020

စင်ကာပူတွင် အပျော်စီးသင်္ဘောခရီးစဉ် ပြန်စ

စင်ကာပူဒေသခံတွေဟာ ပိတ်လှောင်မှုတွေ လွတ်မြောက်ဖို့ ပထမဆုံး အပျော်စီးသင်္ဘောနဲ့ နိုဝင်ဘာ ၆ ရက်က ခရီးသွားကြပါတယ်။ ဒါပေမဲ့ ဒီအပျော်စီးသင်္ဘောခရီးက ကိုယ်တက်ခဲ့တဲ့ ဆိပ်ကမ်းကို ပြန်ဆိုက်တာကလွဲလို့ တခြားဘယ်ကိုမှ မရောက်ပါဘူး။ နှစ်ညအိပ် သုံးရက်ခရီးနဲ့  "World Dream" အပျော်စီးသင်္ဘောကြီးပေါ် မတက်ခင် ခရီးသည်တွေဟာ  ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ တို့ဖတ်ယူရပါတယ်။   ဒါတင်မက သင်္ဘောပေါ်မှာလည်း လူ  ၁၄၀၀ အတွက် ဘေးကင်းရေး အစီအမံတွေ လုပ်ထားပါတယ်။  သင်္ဘောကလည်း တင်ဆောင်နိုင်တဲ့ ခရီးသည် အရေအတွက်ရဲ့ တဝက်နဲ့  ပြေးဆွဲတာပါ။ အဲဒီထဲမှာ တဦးနဲ့တဦး ခပ်ခွာခွာနေတာ၊ ကိုယ်တိုင်ယူ ဘူဖေးတန်းစီစနစ် မလုပ်တာနဲ့ ထိတွေ့သူ ခြေရာခံကိရိယာကို  ခရီးသည်တွေက အချိန်ပြည့် ကိုယ်နဲ့မကွာ ဆောင်ထားရပါတယ်။ ဒီနှစ်အစောပိုင်းက အပျော်စီးသင်္ဘောတချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး  တချို့သင်္ဘောတွေကို ဆိပ်ကမ်းတွေက ကမ်းကပ်ခွ့င်မပြုခဲ့ပါဘူး။ စင်ကာပူမှာလည်း အပျော်စီးသင်္ဘောပြေးဆွဲတာကို မတ်လကစလို့ ခေတ္တဆိုင်းငံ့ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေနဲ့ မူရင်း ဆိပ်ကမ်းပြန်ဆိုက်တဲ့ခရီးစဉ်ကို ပြန်စတင်တာ ဖြစ်ပါတယ်။ 
7 months Ago
Up