close

ပြန်တောင်း

close

July 1, 2021

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ရဲ ၂ ဦးထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

စစ်တပ်အာဏာတာကိုဆန့်ကျင်လို့  ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့က  ရဲဝန်ထမ်း ၂ ယောက်ရဲ့ မိခင်ထံကနေ  အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်ချေးငွေအတင်းပြန်တောင်းနေပြီး ပြန်မပေးရင် ထောင်ထဲမှာထပ်မံတရားစွဲဖို့လုပ်နေတယ်လို့ သိရပါတယ်။

ထောင်ချခံလိုက်ရတဲ့ ရဲ ၂ ယောက် တာဝန်ထမ်းဆောင်စဉ်က ယူခဲ့တဲ့ ချေးငွေ ကျပ်  ၆ သိန်း ၂ သောင်းကို ဇွန်လ ၃၀ ရက်နေ့က အပိုင်နယ်ထိန်းက အိမ်ကိုလာရောက်ပြီး မိခင်ဖြစ်သူကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့  ဦးသန့်စင်က  ဒီဗွီဘီကို ပြောပါတယ်။

"မနေ့က သူ့အမေဆီလာပြီး အပိုင်နယ်ထိန်းက သား နှစ်ယောက် ယူထားတဲ့ ချေးငွေကို သိရှိတယ်ဆိုပြီး လက်မှတ်လာထိုးခိုင်းတယ်၊ အမျိုးသမီးက မထိုးပေးတော့ သား နှစ်ယောက်ကို တရားစွဲမယ် ပြောတယ်''လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ထောင်ကျနေတဲ့ ရဲ ၂ ယောက်ချေးငွေယူထားတယ်ဆိုတာ သိရှိကြောင်းနဲ့ ဇူလိုင် ၁၅ ရက်နေ့ ပေးဆပ်မည်ဆိုတဲ့အကြောင်းကို အဒေါ်ဖြစ်သူက ရဲစခန်းမှာလိုက်ပြီး လက်မှတ်ထိုးပေးခဲ့ ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ထောင်ကျခဲ့တဲ့ ရဲ ၂ ယောက်ရဲ့ ဖခင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်ထားသလို ခုလည်း မိသားစုကို ချေးငွေပြန်ဆပ်ခိုင်းပြီး စိတ်ဒုက္ခအမျိုးမျိုးပေးနေတာလို့  မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

ထောင်ကျခဲ့တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် လျှောက်ထားသူတွေ  ဖြစ်ပါတယ်။

20 seconds Ago
Up