close

ပြန်ပေးဆွဲခံသား

close

July 15, 2021

သားပျောက်ရှာနေခဲ့သည့်ဖခင်နှင့် ပြန်ပေးဆွဲခံသားဖြစ်သူတို့ ၂၄ နှစ်အကြာတွင်ပြန်ဆုံ

ပြန်ပေးဆွဲခံရတဲ့ သားဖြစ်သူကို တရုတ်နိုင်ငံတဝန်း  ဆိုင်ကယ်တစီးနဲ့ ၂၄ နှစ်လုံးလုံး ခရီးသွားရင်း လိုက်ရှာနေခဲ့တဲ့ တရုတ်အမျိုးသားဟာ နောက်ဆုံးမှာ သူ့သားနဲ့ ပြန်ဆုံဆည်းခဲ့ရပါတယ်။

တရုတ်ရဲတွေဟာ နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ ဇွန်လက သားဖြစ်သူရဲ့ ပုံပန်းသဏ္ဍာန်ကို ဖခင်ဖြစ်သူအတွက် ခြေရာကောက် ပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

မျိုးဗီဇ DNA စစ်ဆေးချက်အရ သားအဖ ဆိုတာ အတည်ပြုအပြီးမှာ မိသားစု ပြန်ဆုံပွဲကို တနင်္ဂနွေနေ့က စီစဉ်ပေးခဲ့တယ်လို့ ရှင်းဟွာ သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိ အသက် ၂၆ နှစ် အရွယ် ကျောင်းဆရာ ဖြစ်နေတဲ့ ကိုးရှင်းကျန်းဟာ အသက် ၂ နှစ်သားအရွယ် ၁၉၉၇ စက်တင်ဘာလက အိမ်ပြင်မှာ ကစားနေတုန်း ဘယ်သူမှန်း မသိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပြန်ပေးဆွဲ ခံခဲ့ရတာပါ။

အမျိုးသမီးနဲ့ သူ့ရည်းစားက ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ကို ဟီနန်ပြည်နယ်ထဲက မိသားစု တစ်စုဆီချက်ချင်း ရောင်းစားခဲ့ပါတယ်။

ကနဦး ရဲနဲ့ ဒေသခံတွေက လိုက်ရှာပေးပေမဲ့ ကလေးကို ရှာမတွေ့ခဲ့ပါဘူး။ ရှန်တုံးပြည်နယ် လျောင်ချန်ရွာက ဖခင်ဖြစ်သူ ကိုးဂန်းထန်ကတော့ လက်မလျှော့ဘဲ ၂၄ နှစ်လုံးလုံး သားပျောက်ကို ရှာခဲ့ပါတယ်။

သူဟာ သားပျောက်ရဲ့ ဓာတ်ပုံကို ပိုစတာထုတ် ဆိုင်ကယ်မှာ ချိတ်ဆွဲရင်း မိုင် ၃ သိန်းကျော် ခရီးကို မော်တော်ဆိုင်ကယ် ဆယ်စီးပျက်စီးတဲ့အထိ ခရီးသွားရင်း ရှာဖွေခဲ့တာလည်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ သားပျောက်ရှာရင်း  ယာဉ်မတော်တဆမှုတွေကြောင့် ဒဏ်ရာတွေလည်း ရခဲ့သလို စုဆောင်းထားသမျှ ကုန်တဲ့အပြင် အကြွေးပါ တင်ခဲ့တယ်လို့ ရှင်းဟွာသတင်းဌာနက ဖော်ပြပါတယ်။

ကိုးရှင်းကျန်းကို ပြန်ပေးဆွဲမှု သံသယနဲ့ လူ၂ ယောက်ကို ဖမ်းထားပြီးပြီလို့လည်း ရဲက ပြော ပါတယ်။

4 mins Ago
Up