close

ပြန်ပေးဆွဲခံ ကျောင်းသားများ

close

August 23, 2021

နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံ ကျောင်းသား ၁၅ ဦးပြန်လွတ်လာ

နိုင်ဂျီးရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းက ဘတ်ပ်တစ်ခရစ်ယာန် ကျောင်းတကျောင်းကနေ အရင်လက ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား ၁၅ ယောက်ကို ဓားပြတွေက ပြန်လွှတ်ပေးလိုက်တယ် လို့ အရာရှိတွေက ရိုက်တာ သတင်းဌာနကို သြဂုတ် ၂၂ရက်မှာ ပြောပါတယ်။

ကျောင်းသားတွေ ပြန်လွှတ်ဖို့ ပြန်ရွေးငွေကို မိဘတွေက စုဆောင်းပေးပို့ခဲ့ကြတယ်လို့ ကျောင်းအုပ်ချုပ်သူက ပြောပါတယ်။

ပြန်လွတ်လာတဲ့ ကျောင်းသားတွေဟာ ဇူလိုင် ၅ ရက်က ဘေသယ် ဘတ်ပ်တစ် အထက်တန်းကျောင်းကနေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအယောက်  ၁၀၀ ကျော်ထဲမှာ ပါခဲ့သူတွေပါ။

ပြန်ပေးသမားတွေဟာ ကျောင်းသားတယောက်အတွက် အမေရိကန်ဒေါ်လာ ၂၄၃၀ ပေးဖို့ တောင်းခဲ့ကြတယ်လို့ ကျောင်းအုပ်ချုပ်သူက အရင်က ပြောခဲ့ဖူးပါတယ်။

ကျောင်းသားတွေ ပြန်လွတ်လာတဲ့ကိစ္စကို ခါဒူနာပြည်နယ် လုံခြုံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး က အတည်ပြုပေမယ့် ပြန်ရွေးငွေ ပေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်းမှတ်ချက် မပေးခဲ့ပါဘူး။

ပြန်ပေးသမားတွေဟာ ပြန်ပေးဆွဲပြီး ၂ရက်အကြာမှာ ကျောင်းသား ၂၈ ယောက်ပါတဲ့ ပထမ အုပ်စုကို ပြန်လွှတ်ပေး ခဲ့ပါတယ်။

ဒါကြောင့် တနင်္ဂနွေနေ့က ပြန်လွှတ်မပေးခင်မှာ ကျောင်းသား အယောက် ၈၀ လောက် ပြန်ပေးသမား တွေ လက်ထဲမှာ ကျန်ရှိနေပါသေးတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒီဇင်ဘာကနေ ခုထိ ကျောင်းတွေကနေ ကျောင်းသား အယောက် ၁၀၀၀ ကျော်ဟာ လက်နက်ကိုင် ဓားပြတွေက ပြန်ရွေးငွေ လိုချင်လို့ ပြန်ပေးဆွဲတာကို ခံခဲ့ရပါတယ်။ ခါဒူနာ ပြည်နယ်ကတော့ ဒီခြိမ်းခြောက်မှုကြောင့် အစိုးရကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။

6 mins Ago
Up