ထိုင်းနိုင်ငံတဝန်း နိုက်ကလပ်တွေနဲ့ ဘားတွေကို ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ဖို့ အချိန် ၂ လလောက် ထပ်မံပြီးတော့ ကြန့်ကြာနိုင်တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီး ကြပ်ရေးစင်တာ (စီစီအက်စ်အေ) က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြတယ်။
ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာ ပါဝင်ဆွေးနွေးတဲ့ အစည်းအဝေးမှာ စီစီအက်စ်အေပြော ရေးဆိုခွင့်ရသူ ဒေါက်တာ ထဝီဆစ် ဗီဆနူရိုသင်က ခုလိုပြောလိုက်တာပါ။
“ကျနော်တို့ ပြန်လည်ပြီးတော့ ဖွင့်လှစ်နိုင်ဖို့ နိုဝင်ဘာ ၁၅ ကနေ လာမယ့် ဇန်နဝါရီ ၁၅ ရက်အထိ အချိန်လိုအပ်ပါတယ်။”
ထိုင်းနိုင်ငံတဝန်း နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေနဲ့အတူ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်ခွင့်ကို နိုဝင်ဘာ ၁ ရက်နေ့ကစတင် ခွင့်ပြုလိုက်ချိန်ကစ အရက်သေစာ အဖျော်ယမကာ သောက်သုံးမှုတွေကို ဘန်ကောက်၊ ကရာဘိ၊ ဖန်ငနဲ့ ဖူးခက်ဒေသတွေ အတွင်းက စားသောက်ဆိုင်တွေမှာသာ သောက်သုံးခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒေါက်တာ ထဝီဆစ်ကတော့ နိုက်ကလပ်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ခုချိန်မှာ လုပ်ခွင့်ပြုဖို့အတွက် အဲဒီနေရာတွေမှာ သင့်တော်တဲ့ တိုင်းတာမှုတွေ မရှိရင် ရောဂါကူး စက်နိုင်ခြေပိုပြီးတော့ များပြားလာနိုင်တာတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေဝင်လေထွက်နဲ့ အလုံပိတ်ဆို့ထားတာမျိုးတွေက (ကိုဗစ်-၁၉ ရောဂါကူးစက် နိုင်ဖို့) စိုးရိမ်ရတဲ့ အဓိက အချက်တွေ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူ ခရီး သွားတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဝင်ရောက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။