close

ပြန်ဖွင့်

close

April 29, 2023

တနင်္သာရီတွင် တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ကားလမ်းများ ပြန်ဖွင့်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့  ကားလမ်းတွေကို ဧပြီ ၂၉ ရက် ဒီနေ့ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းကားလမ်းရှိ ပြည်ထောင်စုလမ်းမနဲ့ ထုံခါ-မောတောင် ကားလမ်းရှိ နယ်စပ်ကုန်သွယ်ရေးတို့ကို ဧပြီ ၁ ရက်မှာ တော်လှန်ရေးအင်အားစုတွေကနေ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ပင်လိုက်တာပါ။

ခရီးသွားပြည်သူတဦးက “ပုံမှန်သွားလာ‌နေတဲ့ ကားလမ်းတွေပြန်ဖွင့်တော့ ခရီးသွားပြည်သူအတွက် အဆင်ပြေစေတာပေါ့။ ရေလမ်းခရီးလို အချိန်ကြန့်ကြာတာ‌မျိုးမရှိ‌ဘူး‌လေ။ သူတို့သတ်မှတ်ထားတဲ့အတိုင်း သွားလာဖို့ကလည်း အရေးကြီးပါတယ်" လို့‌ ပြောပါတယ်။

အဆိုပါကားလမ်းမတွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုထားပေမဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ညနေ ၇ နာရီအထိသာ သွားလာကြဖို့၊ စစ်ကောင်စီရဲ့ ဂိတ်စခန်းအနီးကနေ သွားလာတာမလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လက်နက် ခဲယမ်းတွေကို တင်ဆောင် လာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့ လုံခြုံရေးအရ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားပါတယ်။

ဧပြီ ၂၆ ရက်ကလည်း မြိတ်-မောတောင်ကားလမ်းမပေါ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မြိတ်-မောတောင်ကားလမ်းမတလျှောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ ဒီနေ့အထိ နေရပ်မပြန်နိင်ကြသေးဘူးလို့ သိရပါတယ်။

3 hours Ago

December 24, 2020

သာကေတ မိကျောင်းမွေးမြူရေးစခန်း ဇန်နဝါရီလ ပြန်ဖွင့်နိုင်ရန် စာတင်ထား

ကိုဗစ်ကာလအတွင်း ပိတ်ထားတဲ့ သာကေတ မိကျောင်းမွေးမြူရေးစခန်းအား လာမယ့် ဇန်နဝါရီလအတွင်း ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာကို စာတင်ပြထားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ သာကေတမိကျောင်းမွေးမြူရေးစခန်းကို အရင်က အများပြည်သူ လာရောက်လေ့လာဖို့အတွက် ဖွင့်လှစ်ခဲ့ပေမယ့် ကိုဗစ်-၁၉ အခြေအနေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက  လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့တာပါ။   လာမယ့် ဇန်နဝါရီ ၁ ရက်လောက် ပြန်လည်ဖွင့်လှစ်နိုင်ဖို့  ရည်မှန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်လို့ သကေတ မိကျောင်းမွေးမြူရေးစခန်း တာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။ ကျနော်တို့ကတော့  ဒီဇင်ဘာလဆန်းကတည်းက ပြန်ဖွင့်လှစ်နိုင်ဖို့ ခွင့်ပြုချက်တောင်းထားတာ ဇန်နဝါရီလ ၁ ရက်နေ့လောက်က စပြီး  ပြန်ဖွင့်ပြုပေးဖို့။ ပြန်ဖွင့်ရင်လည်း MOHS ရဲ့ လမ်းညွန့်ချက်နဲ့ အညီ တစ်ရက်ကို လူ ၃၀ ထက် မပိုဘဲ၊ လာကြည့်မယ့်အဖွဲ့တွေကလည်း တစ်ဖွဲ့ကို လူ ၄၊ ၅ ယောက်ထက်မပိုတဲ့အဖွဲ့၊ အဲ့ဒီလောက်ကို  MOHS လမ်းညွန့်ချက်နဲ့အညီ ပြန်ဖွင့်ခွင့်ပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကော၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်(နေပြည်တော်) ကို ခွင့်ပြုချက်တောင်းထားတယ်။ ဒီတစ်ပတ်ထဲ သိရမယ် ထင်ပါတယ်။” ဧက ၄၀ ကျော် ကျယ်ဝန်းတဲ့ ငမိုးရိပ်ချောင်းနားက သကေတမိကျောင်းမွေးမြူရေးစခန်းမှာ တစ်ပေ အရွယ်ကနေ ၁၂ ပေအထက်အရွယ်စုံရှိတဲ့ မိကျောင်းကောင်ရေ  ၅၇၄ ကောင် မွေးမြူထားပါတယ်။ ဒီစခန်းမှာ ပုံမှန်တာဝန်ကျ ဝန်ထမ်း ၁၄ ဦးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး  ဒီသဘာဝကန်ထဲက မိကျောင်းတွေကို စခန်းကဝန်ထမ်းတွေက တစ်ပတ်တစ်ခါ ပုံမှန် အစာကျွေးလေ့ရှိပါတယ်။  မိကျောင်းကောင်ရေ အရေအတွက် များပြားနေတာကြောင့်  အစာဖိုး  လစဉ်  ၅ သိန်းလောက် ကုန်ကျနေပါတယ်။  ကိုဗစ်ကာလအတွင်း  အချိန်ကာလကြာမြင့်စွာ မိကျောင်းမွေးမြူရေးစခန်း ပိတ်ထားရတာကြောင့် စခန်းဝင်ငွေနဲ့  ဝန်ထမ်းတွေရဲ့ ရပ်တည်မှုအနေအထားအပေါ်  ခက်ခဲမှု ရှိလာနိုင်တယ်လို့  ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။ “ကိုဗစ်ကာလကလည်း  ကြာရှည်လာပြီး  နောက်ထပ် ၂၊ ၃ နှစ်တန်တန် ရိုးရိုး ရာသီတုပ်ကွေးလို ကာလကြာရှည်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန့်ထားတာ ရှိတယ်။ ကျနော်တို့ကလည်း ဒီတိုင်းရပ်တန့်နေမယ်ဆိုရင် နံပါတ် ၁ စခန်းရဲ့ ဝင်ငွေထိခိုက်တာပေါ့။ ပြီးခဲ့တဲ့ နှစ်က ကျနော်တို့က တစ်နှစ်လုံးအတွက် လျာထားတာက သိန်း ၁၀၀ လောက်ဝင်ငွေ ရှိမယ်လို့ လျာထားတာ၊ အခုတော့ ၆ လလောက်ဘဲ ဖွင့်ရတော့ သိန်း ၅၀ လောက် စခန်းက ဝင်ငွေ နစ်နာခဲ့တယ်။ နောက်တစ်ခုက ဒီလို့မျိုး ကာလရှည်ကြာပိတ်ထားလို့ရှိရင်  မိကျောင်းမွေးမြူရေးစခန်း ပြန်ဖွင့်ရင် ဝန်ထမ်းတွေက နေ့စဉ် မိကျောင်းအစာလေးတွေ ရောင်းလို့ရတဲ့ အပိုဝင်ငွေရှိတော့ သူတိုရဲ့ ဝန်ထမ်းလစာအပြင် သူတို့ရဲ့ ရပ်တည်မှုလေး အဆင်ပြေတာပေါ့။ ပိတ်ထားတဲ့အခါ ပြင်ပဧည့်သည် လာမကြည့်ရင် သူတို့က ဝန်ထမ်းလစာတစ်ခုတည်းပဲ ရပ်တည်နေရတာဖြစ်တော့ မိသားစုစားဝတ်နေရေးမှာ အခက်အခဲရှိမှာပေါ့။” လာရောက်လည်ပတ်သူတွေကို စခန်းဝင်ကြေးအဖြစ် လူကြီး တစ်ဦး ကျပ် ၅၀၀၊ နိုင်ငံခြားသားတစ်ဦး ကျပ် ၁၀၀၀  သတ်မှတ်ထားပြီး အသက် ၁၀ နှစ်အောက် ကလေးအတွက်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်ပါတယ်။  ခွင့်ပြုချက်ရရင်  မနက် ၉ နာရီ ကနေ ညနေ ၄ နာရီ နေ့စဉ် ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။  သကေတမိကျောင်းမွေးမြူရေးစခန်းကို မြန်မာရေလုပ်ငန်းက ၁၉၇၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှတော့  အပန်းဖြေစခန်းအဖြစ်  ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။ နန့်ခိုင်  
2 years Ago
Up