တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန်ကူးစက်ပျံ့နှံ့နေလို့ ကျောင်းတွေ၊ ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေကို ပိတ်ထားရသလို ခရီးဝေး သွားလာရေး တချို့ကိုလည်း ဆိုင်းငံ့ ထားရပါတယ်။
မတ် ၁၃ ရက် တရက်တည်းမှာ တရုတ်ပြည်မကြီးမှာ ရောဂါလက္ခဏာ အတည်ပြုတဲ့ ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံ အသစ် ၁၃၃၇ ယောက် ရှိပြီး ၄၁ ယောက်က ရှန်ဟိုင်းမြို့က ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် NHC က မတ် ၁၄ ရက်မှာ ပြောပါတယ်။
ရှန်းကျန်းမြို့မှာတော့ ကူးစက်နှုန်းမြင့်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲကြောင့် ကူးစက်ခဲ့တာလို့ ပြောပါတယ်။
ရောဂါထိန်းချုပ်ရေး ထပ်တိုး ဆောင်ရွက်ချက် အစိတ်အပိုင်းအနေနဲ့ တနင်္လာနေ့က စပြီး တက္ကသိုလ်အဆင့် သင်တန်းတချို့က လွဲလို့ ကျောင်းအားလုံးကို ပိတ်ဖို့ ရှန်ဟိုင်းအာဏာပိုင်တွေက မတ် ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
သူတို့ အထိတ်တလန့် မဖြစ်ပေမယ့် လုံးဝ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက်အတွက် ပြင်ဆင်နေတယ်လို့ ရှန်ဟိုင်း ဒေသခံ တယောက်က ပြောပါတယ်။
တမြို့လုံးက ပန်းခြံတွေနဲ့ ရုပ်ရှင်ရုံတွေ အားလုံးကို တရားဝင် ပိတ်တာမျိုးကို အာဏာပိုင်တွေက မကြေညာသေးပေမယ့် ကပ်ဘေး ဟန့်တားရေး ဆောင်ရွက်ချက်လို့ ရေးထားတဲ့ သတိပေးစာတွေနဲ့အတူ နေရာ အတော်များများကို တနင်္လာနေ့မှာ ပိတ်ထားတယ်လို့ ရိုက်တာ သတင်းဌာန ဖော်ပြပါတယ်။