မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အထဲမှာ အန်အယ်လ်ဒီအစိုးရလက်ထက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးကျော်ဝင်း ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုထံက သိရပါတယ်၊
မိသားစုဝင်တယောက်က "မနက်က ထောင်ကဖုံးဆက်လို့တော့ သိနေတာ။ အခုထိတော့ အိမ်မရောက်သေးဘူး။ ညကတော့ လာကြိုမယ်ဆိုတာကိုတော့ မလာနဲ့သူတို့လိုက်ပို့မယ်လို့ ပြောလို့စောင့်နေတာ။ အခု မနက်ပိုင်း ၁၂ နာရီခွဲ အထိတော့ အိမ်ရောက်မလာသေးဘူး။ အဖေက အသက် ၇၅ အထက်မလို့ လွှတ်ပေးတာလို့ပြောတယ်၊ အဲ့ဒီထောင်မှာတော့ စုစုပေါင်း ၁၅ ယောက်လောက် လွှတ်တယ်။ နိုင်ငံရေးအကျဉ်းသားကတော့ တယောက်တည်းပဲလို့တော့ အကြမ်းဖျင်းသိတယ်။ နေပြည်တော်အိမ်ကိုရောက်မှပဲ စိတ်တုံးတုံးချရမှာ" လို့ ပြောပါတယ်။
ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ကောင်စီက အာဏာသိမ်းပြီနောက် ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၄ ရက်မှာ နေပြည်တော် အိမ်ကနေဖမ်းသွားပြီး၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ (၃၁/ဂ)နဲ့ နေပြည်တော် ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။
သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်တို့နဲ့ အမှုတွဲလည်းဖြစ်ပါတယ်။
ဦးကျော်ဝင်းကို နေပြည်တော်ထောင်ကနေ အင်းစိန်ထောင်၊ အင်းစိန်ထောင်ကနေ ရမည်းသင်းထောင်ကို ရွေ့ပြောင်းခံရပြီနောက် ထောင်တွင်း ၂ နှစ်နဲ့ ၂ လ ကျော်နေခဲ့ရကာ လျှော့ရက်တွေနဲ့တွက်ရင်တော့ လွတ်ခါနီးနေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးမြအေးဟာ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဦးမြအေးက "ကျနော် မြန်မာပြည်သူတွေနဲ့ အတူတူရှိပါတယ်။ အမြဲတမ်း အတူတူရှိပါတယ်"လို့ ထောင်မှ လွတ်လွတ်ချင်း ကားပေါ်ကအဆင်း ပြည်သူတွေကို သတင်းစကားပါး လိုက်ပါတယ်။
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလကတည်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ဘာအပြစ်မှမရှိဘဲ စစ်တပ်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဒီနောက် ၅၀၅(ဂ)နဲ့ တရားစွဲပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက် ဦးမြအေးရဲ့မွေးနေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာပါ။
နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ပန်းချီဆရာ ထိန်လင်း၊ လူရွှင်တော် ဟာသ သရုပ်ဆောင် ဆင်မ ၊ စာရေးဆရာမောင်သာချို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ဝါရင့် ရှေ့နေကြီး ဦးကျော်ဟိုး စသူတွေ ပါဝင်ပါတယ်။
ဩစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ မစ္စဗစ်ကီဘိုမင်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး တို့လည်း ပြန်လွှတ်ပေးမယ့်စာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားတဲ့ ရုပ်ရှင်မင်းသမီး ဖွေးဖွေးနဲ့ အဆိုတော် နီနီခင်ဇော်တို့အပါအဝင် အနုပညာရှင် ၁၁ ဦးကိုလည်း စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ အရပ်သားပြည်သူ စုစုပေါင်း ၁၃၀၁၅ ဦးရှိပြီး ၁၆၄၈ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
Photo-MPA