close

ပြန်လွတ်လာသူ

close

April 23, 2022

လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေထောင်မှ ပြန်လွတ်လာသူ ၁၆၆ ဦးကို နေရပ်ပြန်ပို့

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ရာမှ ဖမ်းဆီးခံရပြီး စစ်တွေမြို့မှာ ထောင်ဒဏ်ချခံထားရသူ ၁၆၆ ဦးကို ဧပြီ ၂၃ ရက် မနက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့ရှိ မူလနေရပ်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တွေ လဝက တာဝန်ရှိသူတဦးက "ဟုတ်တယ်။ သူတို့ကို သက်ဆိုင်ရာ မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံမှတစ်ဆင့် မိဘ၊ ဆွေမျိုးတွေထံ လွှဲပေးပြီး သူတို့ရဲ့ မူလနေထိုင်ခဲ့ရာနေရပ်ကိုပြန်ပို့ပေးမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

သူတို့ဟာ စစ်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ ဧပြီ ၁၇ ရက်နေ့က အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသူများဖြစ်ကြပြီး ဘူးသီးတောင်က ကျား ၁၃ ဦးနဲ့ မ ၂၂ ဦး၊ မောင်တောမြို့နယ်က ကျား ၂၅ ဦး၊ မ ၁၀၆ ဦး စုစုပေါင်း ၁၆၆ ဦးတို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မောင်တောခရိုင်အပြင် အခြားခရိုင်တွေကနေ မလေးရှားနိုင်ကို တရားမဝင်သွား ရောက်ရာကနေ ဖမ်းဆီးရမိတဲ့သူတွေကိုလည်း သူတို့ရဲ့ မူလနေရာအသီးသီးသို့ ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေကို မောင်တောခရိုင် လူကုန်ကူးတားဆီးရေးက အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီး လူကုန်ကူးသူတွေအား ဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။

မောင်တောခရိုင်လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့ အရာရှိတဦးက "သူတို့ကို စစ်ဆေးရင်လည်း ဘယ်သူကို ငွေပေးပြီး သွားတယ်ဆိုတာ အတိအကျမ ပြောကြဘူး။ လူကုန်ကူးတဲ့သူတွေက သူတို့အထဲမှာကို ပါဝင်နေကြတာတွေရှိတယ်။  အသေးစိတ်စစ်ဆေး ဖော်ထုတ်ရမှာ" လို့ ပြောပါတယ်။

2 hours Ago
Up