close

ပြန်လွှဲပြောင်းပေးအပ်

close

March 24, 2022

ပြစ်ဒဏ်ကျခံပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦးအား မြန်မာက ပြန်လွှဲပြောင်းပေးအပ်

မြန်မာဘက်မှာ ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦးအား မတ် ၂၃ ရက် နေ့ မနက်ပိုင်းက မောင်တောမြို့ ဝင်၊ ထွက်စခန်းကနေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦး ကို ဒီနေ့ မနက်ပိုင်းမှာ နှစ်နိုင်ငံ အလံတင် အခမ်းအနားပြုလုပ်ပြီး လွှဲအပ်ခဲ့တာပါ။ အားလုံး ၄၁ ဦးပါ ကျားက ၄၀ ဦး မ ၁ ဦးပါ” လို့ မောင်တောခရိုင် လူဝင်မူကြီးကြပ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

လွှဲပြောင်းပေးအပ်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာနာ့ဖ်ဝဲမြို့အခြေစိုက် အမှတ်(၂) BGB တပ်ရင်း၊ တပ်ရင်းမှူး၊ ဒုမှူးကြီး A Haider And Ahmed ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာဘက်က အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတပ်ဖွဲ့ခွဲမှူး ယာယီဒုရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦးထဲမှာ အများစုဟာ မလေးရှားနိုင်ငံကို ခိုးထွက်စဥ် လူကုန်ကူးပွဲစားတွေရဲ့ စွန့်ပစ်ခံရကာ မြန်မာဘက်က ထိန်းသိန်းထားသူတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမှန်ကအားလုံး ၄၅ ယောက်ပါ။ ဘင်္ဂလားဘက်က နေရပ်လိပ်စာတွေ နာမည်တွေမမှန်လို့ ၄ ဦး ကျန်ခဲ့တယ်။ အမှန်စစ်ဆေးပြီးတဲ့ ၄၁ ဦးကို လွှဲပေးတာ။ သူတို့က မြန်မာနိုင်ငံထောင်အသီသီးက ပြစ်ဒဏ်ရက်စေ့လို့ လွတ်လာတာတွေရှိသလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေလည်း ရှိတယ်။”

ပြစ်ဒဏ်လွတ်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မြန်မာဘက်က တရားဝင်လွှဲပြောင်းတာတွေ ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မြန်မာနိုင်ငံသားတွေကို လွှဲပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။  

လွှဲပြောင်းပွဲ တက်ရောက်ခဲ့တဲ့ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ နယ်စပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

1 min Ago
Up