အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ တာလီဘန်တွေကို တိုက်နေတဲ့ တပ်တွေက ပန်ရှီယာ တောင်ကြားနားက ခရိုင် ၃ ခုကို ပြန်သိမ်းနိုင်ပြီလို့ ရိုက်တာသတင်းဌာနက သြဂုတ် ၂၁ ရက်မှာ ဖော်ပြပါတယ်။
ဒီတောင်ကြားမှာ အစိုးရစစ်တပ် အကြွင်းအကျန်တွေနဲ့ တခြား ပြည်သူ့စစ်အုပ်စုတွေ စုရုံး တည်ရှိနေတာပါ။
သူတို့ ဘယ်ခရိုင်တွေကို သိမ်းပြီးပြီဆိုတာကို တိုက်ခိုက်ရေးသမားတွေက အတိအကျ မပြောပေမဲ့ သူတို့က ပန်ရှီယာ တောင်ကြားနားက အန်ဒါရပ်ဘ်ခရိုင်မှာ ဒေသခံတွေနဲ့ စကားပြောနေတဲ့ ရုပ်သံကိုတော့ လူမှုကွန်ရက် မီဒီယာပေါ်မှာ တွေ့ရပါတယ်။
ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ နဲ့ တာလီဘန်တွေကို အရှုံးမပေးဖို့ တိုက်ခိုက်ရေးသမားတွေက ရွာသားတွေကို အားပေးနေတာ တွေ့ရပါတယ်။
အာဖဂန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဘစ်မီလာမိုဟမ်မာဒီကတော့ တာလီဘန်တွေကို ခုခံဖို့ ကတိပြုထားပြီး ဘာဂ်လန်ပြည်နယ် ဒါဆာလေး၊ ဘာနိုနဲ့ ပါလ်ဟေဆာ ခရိုင်တွေကနေ မြောက်ပိုင်း ပန်ရှီယာပြည်နယ်ထိ နယ်မြေတွေကို သိမ်းယူပြီးပြီ လို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
တာလီဘန်တွေဟာ သီတင်းပတ် တပတ်အတွင်း အာဖဂန်ရဲ့ အဓိက မြို့တွေ အားလုံးကို သိမ်းပိုက်ခဲ့တာပါ။
ဘယ်တပ်တွေက တာလီဘန်တွေဆီက နယ်မြေတွေကို ပြန်သိမ်းခဲ့တယ်ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ တိုက်ပွဲတွေကတော့ တာလီဘန်တွေကို ဆန့်ကျင်သူတွေ ပြန့်ကျဲ တည်ရှိနေတာကို ညွှန်ပြနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။