close

ပြုတ်ကျသေဆုံး

close

March 11, 2023

သာကေတတွင် လေဖြန်းထားသူအမျိုးသား ၁ ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ၃ ရန်ပြေရပ်ကွက်၊ ၁၆ လမ်း၊ အမြင့် ၅ လွှာရှိ တိုက်ခန်းရဲ့နောက်ဘေးတံခါးကနေ မတ် ၁၁ ရက်၊ မနက် ၈ နာရီလောက်က အသက် ၆၉ နှစ်အရွယ် လေဖြန်းထားသူ အမျိုးသား တယောက် ပြုတ်ကျသေဆုံးခဲ့တယ်လို့ သာကေတ အခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။  

ပြုတ်ကျခဲ့တဲ့အရှိန်ကြောင့် ခန္ဓာကိုယ်ဘယ်တခြမ်းမှာ သွေးထွက်ဒဏ်ရာတွေ ရရှိနေတဲ့အပြင် လက်ကောက်ဝတ်မှာ အရိုးပေါ်တဲ့အထိ ကျိုးကြေသွားပြီး ဘယ်ပေါင်ဒဏ်ရာရကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ 

မိသားစုနဲ့ နီးစပ်သူတဦးက "ခြေထောက်တဖက်က လေဖြန်းထားလို့ ဆွဲဆွဲပြီး သွားနေတာ။ မနက်ပိုင်း နောက်ဖေးဘက်က တံခါးမှာ အဝတ်ထွက်လှမ်းရင်း ပြုတ်ကျတာလို့ ပြောတယ်။ ‌လူနာတင်ကားတွေ ရောက်လာ‌တော့ ဆုံးနေပါပြီ " လို့ ပြောပါတယ်။

သာကေတအခြေစိုက် လူမှုကူညီရေးအသင်းက  "သက်ဆိုင်ရာက လှမ်းခေါ်တဲ့အချိန်မှာ DB ဖြစ်သွားပြီလို့ ပြောတယ်။ အသင်းကနေ စံပြဆေးရုံကို ပို့ဆောင်ထားပါတယ်။ သေဆုံးမှုကိုတော့ ရဲက စစ်ဆေးနေပါတယ်၊ ရန်ပြေ ၁၆ လမ်းကပါ" လို့ ပြောပါတယ်။ 

သေဆုံးသူ အမျိုးသားရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။ 

ဓာတ်ပုံ ( သာကေတလူမှုကူညီရေး )

13 hours Ago

February 3, 2023

နေပြည်တော်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းခေါင်မိုးပေါ်မှ ခုန်ချမည့်ကျောင်းသူကို ကယ်ရာမှ ဆရာ‌ရော ကျောင်းသူပါ ပြုတ်ကျသေဆုံး

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မင်္ဂလာဒီပရပ်ကွက်မှာ ဖေဖော်ဝါရီ ၁ ရက်က ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ပေ ၅၀ အမြင့်ရှိ သုံးထပ်ကျောင်းခေါင်မိုးပေါ်ကနေ ခုန်ချ‌တော့မယ့် ကျောင်းသူကို ကယ်ဆယ်ရာက ဆရာဖြစ်သူပါ ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူ ၁၆ နှစ်အရွယ် မိန်းကလေးဟာ ညနေ ၄ နာရီ ကျောင်းဆင်းချိန်မှာ ကျောင်းခေါင်မိုးရဲ့ အပေါ်ကို တက်သွားတာဖြစ်ပြီး ခုန်ချဖို့ အောက်ကိုလျှောချနေချိန်မှာ အသက် ၂၂ နှစ်အရွယ် ကွန်ပျုတာဘာသာရပ်ဆရာက ခေါင်မိုးပေါ်လိုက်တက်ပြီး လှမ်းဆွဲရာ နှစ်ဦးစလုံး မြေပြင်ပေါ်‌ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

ပုဗ္ဗသီရိမြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “ကျောင်းသွားကြိုရင်းနဲ့ ညနေ ၄ နာရီ မိနစ် ၂၀ ဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပြုတ်ကျတဲ့နေရာရောက်တော့ အဲ့က ဆရာလေးကို အရင်ဆုံးစစ်ပါတယ်။ ဘယ်ဘက်လက်ဖျံတချောင်း ကျိုးထားတယ်။ စစ်လိုက်တော့ မရတော့ဘူးပေါ့။ နားတွေ နှာခေါင်းတွေထဲကနေ သွေးတွေထွက်တာများပြီးတော့ မရတော့ဘူးလို့ သုံးသပ်တယ်။ နောက်တယောက် ထပ်စစ်တော့လည်း ခေါင်းမှာ ဒဏ်ရာတွေ များတယ်ပေါ့။ ချက်ချင်း ဆေးရုံပို့ပေမဲ့လည်း ဒဏ်ရာကပြင်းတာပေါ့။ ဟိုကိုအရောက် လိုအပ်တာလုပ်ပေမဲ့လည်း မမီဘူးပေါ့။ ဆရာလေးက ဇက်ကျိုးထားတာ။ ၅ နာရီဝန်းကျင်မှာ ဆုံးသွားပါတယ်။ သမီးငယ်လေးကို ထပ်စစ်တော့ ချက်ချင်း ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အော်ပရေးရှင်းလုပ်၊ စီစဉ်ပေမဲ့ ညနေ ၅ နာရီ ၂၀ မှာ ဆုံးသွားပါတယ်” လို့ ပြောပါတယ်။

အဆိုပါကျောင်းမှာ စီစီတီဗွီကင်မရာနဲ့ လုံခြုံရေးတွေလည်းရှိပြီး ခေါင်မိုးပေါ်တက်တဲ့တံခါးကို သော့အမြဲခတ်ထားကြောင်း၊ သေဆုံးသွားတဲ့ ကျောင်းသူက ဘယ်လိုတက်လို့ရသွားတယ် ဆိုတာနဲ့ အဆောက်အဦပေါ်ကနေ ဘာကြောင့်ခုန်ချတယ်ဆိုတာကို မသိရသေးပါဘူး။

ကျောင်းတာဝန်ရှိသူတွေက အခုချိန်အထိ ကျောင်းသားမိဘတွေဆီ ရှင်းလင်းချက်တစုံတရာ မ‌ရှိသေးဘဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုပါကျောင်းကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

သေဆုံးသွားတဲ့ ကျောင်းသူနဲ့ ‌ဆရာဖြစ်သူကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီက နေပြည်တော် ကွေ့ကြီးသုသာန်မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

1 month Ago
Up