close

ပြောက်ကျားဝတ်စုံ

close

November 8, 2021

သုံးဆယ်မြို့တွင် ပြောက်ကျားဝတ်စုံဖြင့် လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်သူ ၁ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ပြောက်ကျားဝတ်စုံနဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံတင်သူ ၁ ဦးကို နေထိုင်ရာနေအိမ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၊ ဆရာစံမြိုသစ်၊ မန်ကျဉ်းပင်လမ်းမှာနေထိုင်တဲ့ ကိုဝင်းထွဋ်အောင် (ခေါ်) ချင်းချင်း ဆိုသူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပြောက်ကျားဝတ်စုံနဲ့ PDF Logo ပါဝင်တဲ့ ဓာတ်ပုံတင်ပြီး နိုဝင်ဘာ ၄ ရက်နေ့ည ၁၁ ခွဲဝန်းကျင်မှာ  ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေဆီကသိရပါတယ်။

နီးစပ်သူတဦးက “သူ့ကို အိမ်မှာဝင်ဖမ်းတဲ့ညက စစ်သားတွေက သေနတ် ၃၊ ၄ ချက်ဖောက်တယ်။ ဖမ်းဝရမ်းမပါဘူး။ လာဖမ်းတဲ့စစ်သားတွေက သူ့လက်ကိုကြိုးတုပ် လေးဖက်ထောက်ပြီး အိမ်ရှေ့ထွက်ခိုင်းတာ မြင်မကောင်းဘူး” လို့ ပြောပြပါတယ်။

ဖမ်းဆီးခံရသူ ကိုချင်းချင်းကို ဖမ်းဆီးသွားစဉ် နေအိမ်ရှိ ဓားရှည် ၁ ချောင်း၊ ဖုန်း ၁ လုံးနဲ့ အဖိုးဖြစ်သူ မီးသတ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကအသုံးပြုခဲ့တဲ့ ပေါက်ဆိန် ၁ လက်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

“သူ့ကို သုံးဆယ်မြို့မရဲစခန်းထဲကိုခေါ်သွားပြီး စစ်ဆေးနေတယ်တဲ့။ PDF အဖွဲ့ကဆိုပြီးတော့လည်း ထုရိုက်ထားတယ်လို့သိရတယ်။ လက်ရှိသူ့ကို ရိုက်နှက်စစ်ဆေးခံထားရတာတွေရှိတော့ ဒဏ်ရာဒဏ်ချက်ကများတယ်။ သူ့အတွက် ဆေးဝါတွေပို့တာ ပထမတခါ သူ့ဆီမရောက်ဘူး။ ဒုတိယတခါမှရောက်တယ်” လို့ မိသားစုနဲ့ နီးစပ်တဦးက ပြောပြပါတယ်။

ကိုချင်းချင်းရဲ့နေအိမ်အတွင်းမှာ မူးယစ်ဆေးအပြား ၂၀ လောက် တွေ့ရှိသိမ်းဆည်းရမိတယ်လို့လည်း ဝင်ရောက်ဖမ်းဆီးရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

သုံးဆယ်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက “ဟုတ်ပါတယ်။ ကိုဝင်းထွဋ်အောင်ရဲ့ နေအိမ်အတွင်းက မူးယစ်ဆေးပြား ၂၀ ခန့် တွေ့ရှိပါတယ်။ သူ့ကိုတော့ ဆေးမှုနဲ့ပဲအမှုဖွင့်ဖို့ အမှုတည်ဆောက်နေပါတယ်။ ကျနော်တို့ကတော့ ဆေးမှုနဲ့ပတ်သက်တာပဲ စစ်တာဗျ။ ကျန်တာကတော့ စစ်သားတွေစစ်နေတာ။ ကျနော်တို့မသိရဘူး” လို့ ဖြေဆိုပေမယ့် ပထမသတင်းပေးတိုင်တန်းချက် (FIR) (ပ) နံပါတ်ကိုတော့ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုဝင်းထွဋ်အောင် (ခေါ်) ကိုချင်းချင်းဟာ ဟင်္သာ-သတင်းအေဂျင်စီမှာလည်း သာယာဝတီနယ်မြေခံသတင်းထောက်အဖြစ် သတင်းရေးသားပေးပို့ခဲ့သူတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

2 mins Ago

December 12, 2020

မအူပင်မြို့သို့ ပြောက်ကျားဝတ်စုံဖြင့် ခရီးသွားအထောက်ထားမဲ့ ဝင်လာသူ ၈ ဦးကို အမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မွန်ပြည်နယ်က ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဝင် ၈ ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့က မွန်ပြည်နယ်ကနေ မအူပင်မြို့နယ်၊ ကျုံဝါးကြီးကျေးရွာအတွင်း အငြင်းပွားမှုဖြစ်ပွားနေတဲ့ မြေယာကိစ္စအတွက်လာကြောင်း တာဝန်ရှိသူတွေကသိရှိပြီး တိုင်းအစိုးရအဖွဲ့ဆီ တင်ပြကာ အရေးယူမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ကျုံဝါးကြီးကျေးရွာနေ ဦးတင်ဝင်းက "အဲ့အဖွဲ့က ၂၀၁၉ ကလည်း တစ်ခါလာသေးတယ်၊ ကျနော်တို့ တဲဘေးကိုလာနေပြီး ကျနော်တို့ကို အတင်းဖယ်ခိုင်းတယ်၊ သတ်မယ်လို့ ခြိမ်းခြောက်တာတွေလုပ်လို့ ကျနော်တို့ ရွာထဲကနေ ထွက်ပြေးရတယ်" လို့ ပြောပါတယ်။ တရားစွဲဆိုခံထားရတဲ့ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဟာ ပြီးခဲ့တဲ့အခေါက် လာရောက်ချိန်မှာ ဘယ်အဖွဲ့အစည်းကမှန်းမသိလို့ ကြောက်ပြီး တာဝန်ရှိသူတွေကို မပြောပေမယ့် ကိုဗစ်ကာလမှာ တခြားနေရာက ဝင်လာသူတွေကို တာဝန်ရှိသူတွေသိအောင် သတင်းပို့ရာက ခုလို အရေးယူခံခဲ့ရတာလို့ သိရပါတယ်။ ပြောက်ကျားဝတ်စုံဝတ်နဲ့ လာရောက်တဲ့အဖွဲ့ဟာ ပြည်သူ့စေတနာဝန်ထမ်းအသင်း (PVB) အမည်နဲ့ လိုက်လံပြီး မြေယာအမှုအခင်းတွေကို ကြားကနေ ဝင်ရောက်ဆောင်ရွက်နေတဲ့အသင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ခေါ်ယူတွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ညပိုင်းမှာ ရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တာလို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။ ပြောက်ကျားဝတ်စုံတွေနဲ့ မွန်ပြည်နယ်က ဝင်ရောက်လာတဲ့ အဖွဲ့ဝင် ၈ ဦးကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မအူပင်မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀ (ခ) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့
11 months Ago
Up