မွန်ပြည်နယ်တဝန်းမှာ ဧပြီ ၁ ရက်နေ့ကစပြီး ညမထွက်ရအချိန် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ပြည်နယ်စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်ရာမှာတော့ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို အရင် ည ၁၀ နာရီမှ မနက် ၄ နာရီအစား ည ၁၂ နာရီမှ မနက် ၄ နာရီကို ပြောင်းလဲ သတ်မှတ်လိုက်ပါတဘ်။
ကျန် ၆ မြို့နယ်ဖြစ်တဲ့ သထုံ၊ ပေါင်၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ အရင် ည ၈ နာရီမှ မနက် ၄ နာရီအစား ည ၁၀ နာရီမှ မနက် ၄ နာရီအချိန်ကို ပြောင်းလဲ သတ်မှတ်လိုက်တာပါ။
ဒါပေမဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ကျိုက်ထိုနဲ့ ရေးမြို့နယ်ကတော့ ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်တာ မရှိဘဲ အရင် ည ၈ နာရီမှ မနက် ၄ နာရီအတိုင်း ကန့်သတ်ထားပါတယ်။
ဒါ့အပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို သက်တမ်းထပ်တိုးတာကြောင့် ဆန္ဒပြတာ၊ စီတန်းလှည့်လည်တာနဲ့ လူ ၅ ဦးထက် ပိုစုဝေးခွင့် မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို နောက်ထပ် အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီအချိန်မှ မနက် ၄ နာရီအချိန်အထိ ပြောင်းလဲသတ်မှတ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မတ် ၂၆ ရက်နေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
"ညမထွက်အရ အချိန်ပြောင်းသတ်မှတ်တယ်အခုက ည ၁၂ နာရီက မနက် ၄ နာရီအထိ။ ဘာလို့ပြောင်းတာလဲမသိဘူး။ သင်္ကြန်အတွက် ကြိုလုပ်တာလည်းဖြစ်နိုင်တယ်၊ ဘယ်လိုသတ်မှတ် သတ်မှတ် သူတို့ မရှိတာဖြစ်ချင်တာ" လို့ ပုသိမ်မြို့နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့မှာ ည ၈ နာရီမှ မနက် ၄ နာရီ၊ ည ၁၀ နာရီ မှ မနက် ၄ နာရီ သတ်မှတ်ခဲ့ပြီး အခု ည ၁၂ နာရီမှ မနက် ၄ နာရီ ပြောင်းလဲသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ပုသိမ်မြို့နယ်အတွင်း ပြစ်မှုတစုံတရာကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက်ပိုပြီး လမ်းမကြီးတွေ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ စုဝေးတာ၊ လမ်းလျှောက်တာ၊ စီတန်းလှည့်လည်တာ၊ ဟောပြောတာ၊ ဟစ်အော်ကြွေးကြော်တာ၊ လှုံ့ဆော်တာ၊ ရုန်းရင်းဆန်ခတ်ပြုတာတွေ မလုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။