close

ပွင့်ဖြူနှင့် လောင်းရှည်

close

March 19, 2022

မကွေးတိုင်း ပွင့်ဖြူနှင့် လောင်းရှည်ဒေသတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားများ သေဆုံး

မကွေးတိုင်းဒေသကြီး လောင်းရှည်ဒေသမှာ မတ်လ ၁၉ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး  ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ လောင်းရှည်PDF ကနေ သိရပါတယ်။

လောင်းရှည်မြို့ကနေ ဆောမြို့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်ကို ဒီမနက် ၉ နာရီလောက်မှာ လောင်းရှည် PDF က သင်းကွဲတောင်၊ လပို့တောင်တန်းနဲ့ သံပုရာတောင်ကြောမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တလို့ လောင်းရှည်PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက လောင်းရှည်မြို့ကနေ မနက် ၆ နာရီလောက်ကတည်းက ထွက်လာတာဗျ။ ကျနော်တို့ တပ်ဖွဲတွေ ကြိုတင်ပြင်ဆင်းပြီးမှ တိုက်ခိုက်ခဲ့ကြတာ။ တဖက်နဲ့တဖက် ပေ ၁၀၀ လောက်ဘဲကွာတယ်။ ကျနော်တို့ဘက်က လက်ဦးမှုရယူခဲ့ကာ တစ်နာရီလောက် အပြင်းအထန်တိုက်ပွဲ ဖြစ်ခဲ့တယ်။”

အလားတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ မတ်လ ၁၈ ရက်ညက  ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက်လောက်သေဆုံးခဲ့တယ်လို့ ပွင့်ဖြူPDF ကနေသိရပါတယ်။

ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်နဲ့ မကြီးစုရွာ နားတစ်ဝိုက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို မနေ့က ည ၁၀ နာရီလောက်မှာ ပွင့်ဖြူPDFနဲ့ အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး စစ်ကြောင်း (၃) တို့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက်လောက်သေဆုံးခဲ့တယ်လို့ ပွင့်ဖြူPDF ခေါင်းဆောင်က ပြောပါတယ်။

“စစ်ကောင်စီဘက်က ၃ ယောက်လောက်သေတာတိုတော့ အတည်ပြုနိုင်တယ်ဗျ။ နောက်ဆက်တွဲ အခြေနေကို ကျနော်တို့ ထပ်စုံစမ်းနေတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲ မိနစ် ၂၀ လောက်ဖြစ်ပွားခဲ့ ပြီးတော့ ကျည်ဆန် မလုံလောက်တော့တာကြောင့် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။”

ဆောမြို့နယ်နဲ့ စေတုတ္တရာမြို့နယ် နယ်ခြားမှာလည်း မတ်လ ၁၅ ရက် ညနေက လောင်းရှည်PDFနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က အရာရှိအပါဝင် ၅ ယောက်လောက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ကား ၊ရဲကားတွေနောက်ကို ကပ်မလိုက်ကြဖို့ ဒေသခံ PDF တွေက  သတိပေးထားပါတယ်။

1 min Ago
Up