ချင်းပြည်နယ်၊ ဟားခါးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ကို ပွဲစားနဲ့လုပ်ပါက ကျပ် ၄ သိန်းခွဲပေါက်ဈေးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ပြန်ဖွင့်ပေးတဲ့ အဲဒီပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့လုပ်ပါက ဘိုကင်ယူပြီး လုပ်ဆောင်ရမှာဖြစ်ပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ပွဲစားနဲ့ လုပ်သူများလာပြီး ပွဲစားတွေ ကြီးစိုးလာနေတယ်လို့ သိရပါတယ်။
ဟားခါးမြို့ပေါ်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ လာလုပ်သူတွေဟာ ပုံမှန် ကျသင့်ငွေ ကျပ် ၃၅၀၀၀ သာရှိပေမဲ့ ဟားခါးဒေသခံတွေသာမက စစ်ကိုင်းတိုင်းနဲ့ တခြား နယ်ဝေးက နေရေးထိုင်ရေး အခက်အခဲရှိသူနဲ့ မအားလပ်ဘဲ အချိန် မပေးနိုင်တဲ့သူတွေ လာလုပ်ကြတာကြောင့် အခုလို့ ပွဲစားတွေ ကြီးစိုးကာ ကုန်ကျစရိတ် ကြီးနေတာပဲ ဖြစ်ပါတယ်။
ဒေသခံ တဦးက "စာအုပ်လာလုပ်တဲ့သူတွေ အများကြီးပဲ။ အခု လာလုပ်ကြတာက ကလေး၊ တမူး နဲ့ စစ်ကိုင်းတိုင်းဘက်က သူတွေပါ ပါကြတယ်။ စားစရိတ်ငြိမ်းအပြီး ပွဲစားတွေကို ၄ သိန်းခွဲ ပေး ရတယ်။ ဒီမှာတော့ ပွဲစားတွေ တအားလုပ်စားလာကြတယ်။"လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဟားခါးမြို့နယ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ တစ်ရက်ကို လူ ၁၀၀ လက်ခံလုပ်ပေးနေပြီးတော့ အပတ်စဉ် တနင်္လာနေ့မှ သောကြာအထိ နံနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီအထိ လျှောက်ထားနိုင်ပြီး အစိုးရရုံးပိတ်ရက်တွေမှာတော့ နေ့တစ်ဝက်သာ လုပ်ပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Chin Word
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၆ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က မနက် ၄ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဖမ်းဆီးဖို့ ကြိုးစားချိန်မှာတော့ သူတို့ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် အားလုံးဖမ်းမိခဲ့ကာ သူတို့အုပ်စုမှာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၉ ယောက်ပါဝင်ပြီး သူတို့အားလုံးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့ ဆဒေါင်းရဲစခန်းဆီ လွှဲပြောင်းပြီးတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ထားခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေက စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနိုင်ငံ ထားဝယ်၊ ရခိုင်နဲ့ တခြားဒေသတွေက လာရောက်ခဲ့ကြတာဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်ရဖို့အတွက် မြန်မာနိုင်ငံဘက်က ပွဲစားတယောက်ကို ပွဲစားခ ဘတ် ၅၀,၀၀၀ စီ ထိပေးကာ ထိုင်းဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ထဲက အများစုကတော့ ပွဲစားခပေးရမယ့် ငွေတွေကို ချေးငှားလာခဲ့ကြတာမို့ အကြွေးတင်နေကြတယ်လို့ ပြောပြီး ပွဲစားက သူတို့ထဲက တချို့ကို မလေးရှားက သစ်စက်ရုံတွေမှာ အလုပ်လုပ်ရမယ်လို့ ပြောဆိုထားခဲ့ကာ တချို့က တော့ ဘယ်မှာလုပ်ရမယ်ဆိုတာကိုတောင် မသိထားခဲ့ကြဘူးလို့ ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်ကတည်းက မြန်မာဘက်ကနေ ထိုင်းနိုင်ငံဘက်ကို တောလမ်းကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီးနောက် ၂၁ ရက်မှာတော့ ပရာချွတ်ခီရိခန်ခရိုင်ထဲ ရောက်ရှိခဲ့ကာ တောထဲမှာ ပုန်းအောင်းနေထိုင်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မေ ၂၅ ရက်မှာတော့ သူတို့ကို ပွဲစားက လွှတ်လိုက်တဲ့ ပစ်ကပ်ကား ၂ စီးနဲ့ မလေးရှား-ထိုင်းနယ်စပ် ဆဒေါင်းခရိုင်ဆီ ပို့ဆောင်ထားခဲ့ပြီး မလေးရှားဘက်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေချိန်မှာပဲ ခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အလုပ်သမားတွေပွဲစားခမတန်တဆပေးနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက "ဘတ်ငွေ ၂၃၀၀၀ ကနေ ၃၀,၀၀၀ အထိပေးရတယ်။ ပွဲစားကိုပေးရတာပေါ့ဗျာ။ လူခေါ်ပွဲစားနဲ့ အလုပ်ပေးတဲ့ပွဲစားဆိုပြီး ၂ မျိုးရှိတယ်၊ လူခေါ်ပွဲစားဆိုတာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ကနေ ထိုင်းနယ်စပ်ထိကို ပို့ပေးတဲ့ ပွဲစားက တစ်ယောက်။ ထိုင်းနယ်စပ်ကနေပြီးတော့မှ ထိုင်းနိုင်ငံရဲ့ ဧရိယာထဲပို့ပေးတာ ၊ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်ထဲ ပို့ပေးတာ၊ ပွဲစား ၃ ဆင့်လောက်ရှိတယ်၊ သူတို့ဝေယူကြတာပေါ့။ အလုပ်အကိုင်အပြီးအစီးဆို မလေးရှားအထိဆို ဘတ် ၃၀၀၀၀ ပေးရတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနယ်စပ် ၊ ထိုင်းနယ်စပ်ကနေ အတွင်းပိုင်း ၂ ဆင့် ၊ ပြီးတော့ ထိုင်းနိုင်ငံအတွင်းပိုင်းကနေ မလေးရှားနယ်စပ် ၃ ဆင့်ပေါ့ ၊ အဲအထိက သုံးသောင်းပေးရတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်အတွင်းပိုင်းထိဆိုရင်တော့ နှစ်ဆင့်ခေါ်မှာပေါ့နော်၊ ၂ ဆင့်က ၂၃၀၀၀ ကနေ ၂၈၀၀၀ ထိ ပေးရတယ်။ အခုငွေပေါက်ဈေးက ထိုင်းဘတ် ၁၇၀၀ ကို မြန်မာငွေ ၁ သိန်း ၊ ပို့ဆောင်ပေးသူက တစ်ဆင့် ၊ အလုပ်ရှာပေးသူကနောက်တစ်ဆင့် မျှစားကြတာပေါ့ ။”လို့ ဒီဗွီဘီကိုပြောပါတယ်။
ထိုင်းမှာအလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေထဲက တချို့ဟာ ပေါင်နှံချေးငှား ပြီး လာရောက်ကြရတာဖြစ်လို့ ဖမ်းဆီးခံရတဲ့အခါ ပွဲစားခတွေ ပြန်မရဘဲ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။
“ပွဲစားခပေးဖို့ အိမ်ပေါင်ခြံပေါင်ကြတယ်။ မပေးနိုင်တဲ့လူတွေကျတော့ အလုပ်ရတဲ့အခါမှ လုပ်အားခထဲကနေပြန်ဖြတ်တယ်၊ အဲဒါမျိုးကတော့ သိတဲ့လူတွေအချင်းချင်း၊ ဆွေမျိုးသားချင်းတွေများပါတယ်။ ပွဲစားနဲ့လာပြီး အဖမ်းခံရရင်တော့ ငွေပြန်မရဘူးနော့။ တချို့ဆို တောထဲစွန့်ပစ်ခံရတာ ၊ ထမင်းမစားရဘူး၊ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့မှစားရတာ။"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် လာသူ တွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
Photo Credit- Bangkok Post