close

ပွဲပျက်

close

November 5, 2021

ဝါးခယ်မမြို့နယ်က တပ်ထောက်ခံပွဲ ကျပ် ၁ သောင်းပေး ခေါ်မရသဖြင့် ပွဲပျက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်မယ့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံတဲ့ တပ်ထောက်ခံပွဲ လူခေါ်မရတာကြောင့် ပွဲပျက်သွားတယ်လို့ သိရပါတယ်။

တပ်ထောက်ခံပွဲပြုလုပ်ဖို့ စစ်အုပ်စုထောက်ခံသူတွေက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လိုက်လံပြီး လမ်းဘေးဈေးသည်တွေနဲ့ ကွမ်းယာဆိုင်တွေမှာ ၁ ဦးကို ၁ သောင်းပေးမယ့်ပြောဆိုကာ စည်းရုံခဲ့ပေမယ့် လိုက်မယ့်သူမရှိတာကြောင့် ပွဲပျက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က လမ်းဘေးဈေးသည်ရော ကွမ်းယာရောင်းတဲ့သူပါ လိုက်ခေါ်တာ။ နောက်ဆုံး လိုက်မယ့်သူမရှိတော့ ပွဲပျက်သွားတာ။ ဒါတောင် ထပ်လုပ်ဖို့ အစီစဉ်ရှိတယ်ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဝါးခယ်မမြို့နယ်ထဲမှာ တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် လူစည်းရုံရာမှာ လိုက်ခေါ်တဲ့သူတွေက လမ်းဘေး ဈေးသည်တွေနဲ့ ကွမ်းယာရောင်းသူတွေကို လိုက်အော်ရင် ၁ သောင်းပေးမယ်၊ အလံကိုင်ရင် ၁ သောင်းခွဲပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူခေါ်မရတာကြောင့် နိုဝင်ဘာလ ၄ ရက်နေ့ ပြုလုပ်မယ့် တပ်ထောက်ခံပွဲ ပျက်ခဲ့ရပြီး နောက်ရက်ကို ပြန်လုပ်နိုင်ဖို့အတွက် စစ်ကောင်စီဩဇာခံဌာနဆိုင်ရာဝန်ထမ်းတွေကို မလိုက်မနေရသဘောမျိုး ဌာနအကြီးကဲတွေကတဆင့် ပြောဆိုတာတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအပြုနိုင်ခြင်းမရှိသေးပါဘူး။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံတဲ့ တပ်ထောက်ခံပွဲတွေကို အောက်တိုဘာလကုန်ပတ်ကစတင်ကာ ပြုလုပ်လာကြတာဖြစ်ပါတယ်။

9 mins Ago

August 29, 2020

ကော့သောင်း ဧရာဝတီဘဏ်ဝန်ထမ်း ရိုက်နှက်ခံရမှု တောင်းပန်ပွဲ ကျူးလွန်သူမလာ၍ ပွဲပျက်

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဧရာဝတီဘဏ်ဝန်ထမ်းတဦးအား  ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒုရဲအုပ်တဦးအပါအဝင် လူတစုက ဝိုင်းရိုက်ခဲ့မှုနဲ့ပတ်သက်ပြီး သြဂုတ် ၂၇ ရက်ကလုပ်တဲ့ တောင်းပန်ပွဲကို ကျူးလွန်သူဘက်က မလာရောက်တာကြောင့် တောင်းပန်ပွဲ မဖြစ်မြောက်ခဲ့ဘူးလို့ ကျူးလွန်ခံရသူ ကိုကျော်စွာဝင်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ  ၂ ရက်ညက ကိုကျော်စွာဝင်းနဲ့ သူငယ်ချင်းတစု မွေးနေ့ပွဲတခုကအပြန်က ကော့သောင်းမြို့ ဧရာဝတီဘဏ် ATM စက်မှာ ငွေထုတ်ရာမှ စက်အင်တာနက်လိုင်းကျနေတာကြောင့် ဘဏ်ရှေ့မှထိုင်စောင့်ရင်းစကားပြောနေကြစဉ် အဏ္ဏဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုကျော်ဇောမြင့်နဲ့ ဒုရဲအုပ်ဟန်ဘိုဘိုထွန်းတို့ ရောက်ရှိလာပြီး အကြောင်းမဲ့ထိုးကြိတ်ရိုက်နှက်ခဲ့တာလို့ ပြောပါတယ်။ သူတဦးတည်း တိုးကြိတ်ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီး မျက်နှာဖူးရောင်၊ လည်ပင်းဖူးရောင်နဲ့ နောက်ကျောပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလုပ်တဲ့ တောင်းပန်ပွဲကို ဒုရဲအုပ်ဟန်ဘိုဘိုထွန်းက ကမ်းလှမ်းလာတာကြောင့် ပြုလုပ်ခဲ့တာလို့ ကိုကျော်စွာဝင်းက ပြောပါတယ်။ “သူတို့တွေ ကြည်ကြည်ဖြူဖြူနဲ့ ကျေအေးပေးမယ်ဆိုပြီးတော့ လုပ်ပေးခဲ့တာပါ။ အခုတော့ သူတို့က လာရောက်မတောင်းပန်တဲ့အတွက် ကျေအေးမပေးတော့ဘူးလို့ ပြောတဲ့ပွဲဖြစ်သွားတာပေါ့။ ကျနော်ကတော့ အမှုကို ဆက်သွားမယ်။ ဥပဒေကြောင်းအရ ဘယ်လိုပုဒ်မတွေနဲ့ ရမလဲဆိုတာ ရှာပြိးတော့ ဆက်လုပ်သွားမယ်” လို့ ပြောပါတယ်။ တောင်းပန်ပွဲ မဖြစ်မြောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒုရဲအုပ်ဟန်ဘိုဘိုထွန်းက အဏ္ဏာဝါရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးကျော်ဇောမြင့် ရောက်မလာလို့ ဒီပွဲကို မတက်ရောက်ဖြစ်တာလို့ ပြောပါတယ်။ ဦးကျော်ဇောမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ ရိုက်နှက်ခံရမှုနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က ကော့သောင်းတရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပုမ်မ ၃၂၃ သာမန်နာကျင်စေမှုနဲ့ အမှုကို လက်ခံခဲ့ကာ ဒီနေ့အထိ ရုံးချိန်းပေါင်း ၈၀ လောက် ချိန်းပြီးပြီလို့ ကိုကျော်စွာဝင်းက ပြောပါတယ်။ ကျူးလွန်သူတွေဘက်ကလည်း ပုဒ်မ ၁၈၆ တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး
1 year Ago
Up