မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနဲ့ ကြက်ရိုးပင်ကျေးရွာကြားက စစ်ကောင်စီတပ်က ဗိုလ်မှူးမျိုးခိုင်ပိုင်တဲ့ ကျော်ဇောသူ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီကို မတ်လ ၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ လင်းယုန်တပ်ဖွဲ့ကနေ သိရပါတယ်။
ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ) နဲ့ Nine PDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆက်နွှယ်တဲ့ ရွှေတူးဖော်သူတွေကို လုံခြုံရေးပေးတာတွေရှိသလို လွတ်လွတ်လပ်လပ် တူးဖော်ခွင့်ပေးထားကာ စစ်အုပ်စုနဲ့ အဆင်မပြေသူတွေကိုတော့ လုပ်ခွင့်ပိတ်တာ၊ ဓာတ်ဆီလောင်းပြီး မီးရှို့တာတွေ လုပ်တယ်လို့လည်း သိရပါတယ်။
ဗိုလ်လင်းယုန်က “ကျနော်တို့မြို့နယ်ထဲမှာက လုပ်ငန်းရှင်တော်တော်များများက ကုမ္ပဏီတခုဆိုရင် စစ်ကောင်စီက ဗိုလ်မှူးတွေ နှစ်ယောက်သုံးယောက် အမြဲတမ်းပါတယ်။ တကယ် ပုဂ္ဂလိကနဲ့ စစ်ကောင်စီနဲ့လည်း မဆက်နွှယ်ဘဲနဲ့လုပ်တဲ့ ကုမ္ပဏီတွေဆိုရင် လုပ်ခွင့်မရှိသလောက်ပါပဲ။ အဲ့လိုဆိုရင် စစ်ကောင်စီနဲ့ ပဏာကျတဲ့ ပေါလန်တွေက အဲ့ကုမ္ပဏီတွေကို ပိတ်လိုက်ပါ၊ သိမ်းလိုက်ပါ၊ ဘာလုပ်လိုက်ပါ၊ နောက်ကနေ ဖိအားပေးပြီးတော့ အဲ့လိုမျိုးသွားနေကြတာ” လို့ ပြောပါတယ်။
အဲ့ဒါကြောင့် စစ်ဗိုလ်မှူးပိုင်တဲ့ ကျော်ဇောသူကုမ္ပဏီကို ဝင်ရောက်တားဆီး ပိတ်ပင်ခဲ့တာလို့ သိရပါတယ်။
ပ.က.ဖ တွေ ဝင်ရောက်စီးနင်းချိန်မှာ ကုမ္ပဏီတာဝန်ရှိသူတွေ ထွက်ပြေးသွားပြီး ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို စစ်အုပ်စုဒေါက်တိုင် ကုမ္ပဏီတွေမှာ မလုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။
ကျော်ဇောသူကုမ္ပဏီမှာ ဗိုလ်မှူးအောင်ဆန်းဦးက မန်နေဂျာ၊ ဗိုလ်ကြီးမင်းနိုင်က လက်ထောက်မန်နေဂျာအဖြစ် ဦးစီးလုပ်ကိုင်နေပါတယ်။
ကုမ္ပဏီလုံခြုံရေးအတွက် တပ်စိတ်တစိတ်ကို တလ ကျပ် သိန်း ၃၀ ပေးကာ ခေါ်ယူ ကင်းစောင့်ခိုင်းထားသလို ပိုင်ရှင် ဗိုလ်မှူးမျိုးခိုင်နဲ့ အပတ်စဉ်တူ ဗိုလ်မှူးတွေလည်း တလကို နှစ်ခေါက် အနည်းဆုံး လာတတ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက မြေပြင် စစ်ကြောင်းထိုးရာမှာလည်း ကုမ္ပဏီပိုင် ကားကြီးကားငယ်တွေနဲ့ လိုက်လံပို့ဆောင်ပေးနေသလို အဆိုပါကုမ္ပဏီ စီးနင်းခံရပြီးနောက် ဒေသတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းတာတွေ ခပ်စိတ်စိတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမောင်ကို ပိုင်ဆိုင်တဲ့ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာက Golden Point ကုမ္ပဏီဝန်းထဲမှာလည်း စစ်ကောင်စီအင်အား အများအပြားရှိသလို ပျူစောထီးသင်တန်းတွေ ပေးနေပြီး အဆိုပါ ကုမ္ပဏီဝန်ထမ်းတွေကိုပါ သေနတ်ကိုင်ခွင့်ပေးထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဦးမောင်ကိုနဲ့ ဆက်စပ်နေတဲ့ ဦးမန်းစိန်ပိုင် ရေထွက်-လက်ပံပြန့်ရှိ ရွှေတူးဖော်ရေး ကုမ္ပဏီဝန်းထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး သင်တန်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုကို မျက်ကွယ်ပြုပြီး စစ်ကောင်စီကို ဒေါက်တိုင်ပြုနေတဲ့ ရွှေကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ကိုင်တွယ် တားမြစ်မယ်လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။
အဆိုပါကုမ္ပဏီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ အခွန်ပေးဆောင်ပြီး လုပ်ကိုင်ဖို့ကိုလည်း ဗိုလ်လင်းယုန်က တိုက်တွန်းထားပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။
ရေစကြိုမြို့ အထက ၁ ကျောင်းရှေ့မှာ ကျောင်းစောင့်တာဝန်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီလောက်မှာ မိုင်း ၁ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်တဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
“စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်သလို မိဘပြည်သူတွေ ပို့သပေးတဲ့ မေတ္တာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ဖေဖော်ဝါရီ ၈ ရက် ညက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ရေစကြိုမြို့မှာပဲ စစ်ကောင်စီရဲ့ အထိုင်စခန်းတခုကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black.Tiger တပ်ဖွဲ့ကနေ သိရပါတယ်။
ရေစကြိုမြို့ အမှတ် ၄ ရပ်ကွက်က ငြိမ်းဇာနည် စစ်ကောင်စီတပ်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစခန်းက စစ်မှုထမ်းဟောင်းအဆောက်အဦဖြစ်ပြီး စစ်(...)၊ ရဲ(...) တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ညှပ်တိုက်လို့ စခန်းသိမ်းခါနီးမှာ သူတို့ဘက်က စက်ကလေးသမား တယောက်ပဲ ကျန်တဲ့အချိန်မှာ စစ်(...) အင်အား ၁၀၀ ကျော်လောက် စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ။”
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ဖြူစင်ပရဟိတကားနဲ့ ၃ ခေါက်လောက် သယ်ထုတ်ရတယ်လို့ မျက်မြင်ဒေသခံတွေက သတင်းပေးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က မြို့ပတ်ပတ်လည်မှာ မိုင်းတွေဆင်ထားပေမဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ မိုင်းမခွဲလိုက်ရတော့ စခန်းမသိမ်းနိုင်ခဲ့တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ပစ်ခတ်သံကြားရင် ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။”
အဲဒီတိုက်ခိုက်မှုကို ဗိုလ်ချုပ်အောင်ဆန်း ၁၀၈ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် မုံရွာခရိုင် တပ်ရင်း-၁၂၊ တပ်ခွဲ-၄ မီးတောက်တပ်ခွဲ၊ ချောင်းဦး ပလဖ၊ Banana UG၊ ခွပ်ဒေါင်းနီ ပြောက်ကျားတပ်၊ VOMDY-Front Warrior တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စက်လှေပေါ်အထိ လိုက်လံပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ကြားက ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းမှာ တပ်စိပ်နှစ်စိပ်စာ အင်အားနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။
“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမဲ့ ပျူစောထီးတွေ တပ်ကူရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က သုံးယောက်သေတယ်လို့ မြေပြင်သတင်းအရ သိရတယ်” လို့ ကိုအတီးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၁၅ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး။
ထိတွေ့မှုဖြစ်ပွားချိန်မှာ ကျေးရွာအတွင်းက ပြည်သူတဦး လည်ပင်းမှာ လက်နက်ကျည် ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စာသင်ကျောင်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီ ၅၀ မိနစ်လောက်က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၇ စင်းနဲ့ ဗုံးသီး ၈ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ PPC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းလူက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးသီးတွေကတော့ စစ်(...)တွေနဲ့ အနီးဆုံးနေရာတွေမှာ ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးကြတယ်။”
အဲဒီတိုက်ခိုက်မှုကို SPPDF ဗိုလ်မထားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ်-၁၃ PPDF၊ တိုက်မောင်းအဖွဲ့၊ Dog Hunter UAV Force ဒရုန်းတပ်ခွဲ-၄၊ King Fighter SGF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။