close

ဖက်ဒရယ်ကျောင်း

close

June 9, 2022

မိုးကုတ်တွင် အင်တာနက်မရသဖြင့် ဖက်ဒရယ်ကျောင်း တက်ရောက်ရန် အခက်အခဲကြုံနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီက အင်တာနက်တွေကို ဖြတ်တောက်ထားတာကြောင့် မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ ကျောင်းမတက်ရသေးတဲ့ ကျောင်းသူ ကျောင်းသား ၈၀ ရာခိုင်နှုန်း ကျန်ရှိနေတယ်လို့ သိရပါတယ်။

မိုးကုတ်ဖက်ဒရယ်ကျောင်းကို ဧပြီလ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Zoom ကနေတဆင့် သင်ကြားရတဲ့အတွက် အင်တာနက်မရရှိတဲ့ မိုးကုတ်မြို့က ကျောင်းသားတွေ ကျောင်းတက်ဖို့ အခွင့်အရေးနည်းနေတာလို့ မိုးကုတ် ဖက်ဒရယ်ကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုးကုတ်မြို့ထဲက မိဘတချို့ကလည်း စစ်ကောင်စီဖွင့်တဲ့ကျောင်းကိုလည်း မထားချင်ကြသလို ဖက်ဒရယ်ကျောင်းကျတော့လည်း အွန်လိုင်းမရတာကြောင့် သူတို့ကလေးတွေ ပညာရေးအတွက် စိုးရိမ်နေကြတာမျိုးတွေ ရှိနေပါတယ်။

အလယ်တန်းကျောင်းသားတဦးရဲ့ မိခင်ဖြစ်သူက “အစိုးရကျောင်းကျတော့လည်း မထားချင်ပြန်ဘူး၊ ဖက်ဒရယ်ကျောင်းကျတော့လည်း ကိုယ့်မြို့က အင်တာနက်လိုင်းက မရပြန်ဘူး၊ ကျောင်းမထားရင်လည်း ကလေးတွေက စိတ်တွေလေနေကြပြီ” လို့ ပြောပါတယ်။

အင်တာနက်ကို အသုံးပြုပြီး Zoom ကတဆင့် စာသင်ကြားရတာဖြစ်တဲ့အတွက် CDM ဆရာ၊ ဆရာမတွေအနေနဲ့ အင်တာနက် ဒေတာဖိုးတွေ စျေးတက်နေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တလကို Data သူံးတဲ့သူတွေက ၉ သောင်းနဲ့ ၁ သိန်းကြား ကုန်နေကြတယ်။ ထောက်ပံ့မှုကျ အဲဒီလောက် မပေးနိုင်တော့ ခက်ခဲကြပါတယ်။ ကျောင်းက ထောက်ပံ့ပေးပေမယ့် မလုံလောက်တဲ့ အခြေအနေပေါ့ဗျာ” လို့ မိုးကုတ်ဖက်ဒရယ်ကျောင်းက ဆရာတဦးက ပြောပါတယ်။

ကျောင်းသားတွေကို CDM ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာပါမှ လက်ခံတာဖြစ်ပြီး မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ မိုးကုတ်မြို့အပြင် တနိုင်ငံလုံးက ကျောင်းသားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ အခုလက်ရှိ ကျောင်းသား ၁ ထောင်ကျော် ပညာသင်ကြားနေပြီး တန်းခွဲအသစ်တွေအနေနဲ့ နောက်ထပ် ကျောင်းသားတစ်ထောင့်ငါးရာအထိ လက်ခံသွားဖို့ရှိသလို ဆရာ၊ ဆရာမ လိုအပ်ချက်တွေရှိနေပြီး အခုလက်ရှိ ဆရာ၊ ဆရာမ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတွေကို မပူပန်ကြဖို့နဲ့ မိုးကုတ်ဖယ်ဒရယ်ကျောင်းအနေနဲ့ ပညာသင်ကြားရေးကို ကြိုးစားဆောင်ရွက်နေပါကြောင်းနဲ့ ပူပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီက မိုးကုတ်မြို့ကို အင်တာနက်လိုင်းဖြတ်ထားတာ တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

15 mins Ago

June 1, 2022

တမူးမြို့နယ် ဖက်ဒရယ်ကျောင်းဖွင့်လှစ်မည်၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ စာရင်းသွင်းနိုင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်မယ့် ဖက်ဒရယ် ပညာရေးကျောင်းအတွက် သင်ကြားပို့ချပေးမယ့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့  တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။

တမူးမြို့နယ်အပါအဝင် တခြားမြို့နယ်တွေက CDM ဆရာ ဆရာမတွေပါ  သင်တန်းတက်ရောက်လိုပါက ‌အမည်စာရင်း ပေးသွင်းနိုင်တယ်လို့သိရပါတယ်။

တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် တယောက်က “ကျနော်တို့ တမူးမြို့နယ်၊ ဖက်ဒရယ်ပညာရေးကျောင်း စတင်ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မကြာမီကာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့ CDM ကျောင်းသူကျောင်းသားတွေ ကြားကာလ ပညာရေးလစ်ဟင်းမှု မဖြစ်စေဖို့ လတ်တလော အခြေအနေမှာ အွန်လိုင်းကတဆင့် သင်ကြားသင်ယူမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အင်တာနက်လိုင်း အခက်အခဲကြောင့် လက်လှမ်းမမီတဲ့ ရွာတွေက ကျောင်းသူကျောင်းသားတွေကိုလည်း တဆင့်ချင်း ချိတ်ဆက်ပြီး သင်ကြားသင်ယူနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ CDM ကျောင်းသူကျောင်းသားတွေ အွန်လိုင်းကတဆင့် ကျောင်းအပ်လက်ခံတာ၊   သင်ကြားပို့ချတာတွေကို မကြာမီအချိန်အတွင်းမှာပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံကျောင်း မတက်ဘဲ CDM ကျောင်းသား ကျောင်းသူတွေရဲ့ စဉ်ဆက်မပြတ် ပညာရေး နစ်နာမှုတွေမရှိစေဖို့ အထူးရည်ရွယ်ထားပါတယ်ခင်ဗျာ။”လို့ပြောပါတယ်။

သင်ကြားပေးမယ့် စေတနာ့ဝန်ထမ်း ဆရာ ဆရာမတွေ အနေနဲ့ စာရင်းလက်ခံမယ့်ကာလကတော့  မေ ၃၀ ရက်မှ ဇွန် ၃ ရက်နေ့အထိ ဖြစ်ပါတယ်။

အဆိုပါသင်တန်းကို တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ Kaung For You Education က သင်တန်းပို့ချသွားမှာဖြစ်ပြီး သင်ပြနည်း နည်းပညာတွေနဲ့ လိုအပ်တဲ့ အကူအညီတွေအားလုံး ကူညီပံ့ပိုးပေးမယ့်အပြင် သင်တန်းတက်မယ့် ဆရာ ဆရာမတွေအတွက် အင်တာနက်ဒေတာ ကုန်ကျစရိတ်တွေကိုပါ ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

1 week Ago
Up